Myanmar Transparency News

အရှင်ဖမ်းမိသော တပ်မတော်အရာရှိတစ်ဦးက PDF ကို တံတွေးနှင့် ထွေးပြီး နပမ်းလုံးသဖြင့် သတ်ဖြတ်ပစ်လိုက်သည်ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်-တောင်တွင်းကြီး ဝန်ခံ

၂၂. ၇. ၂၀၂၅
Written by Nay Moe

အရှင်ဖမ်းမိသော တပ်မတော်အရာရှိတစ်ဦးက NUG ဩဇာခံ PDF ကို တံတွေးနှင့် ထွေးပြီး နပမ်းလုံးသဖြင့် သတ်ဖြတ်ပစ်လိုက်သည်ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်-တောင်တွင်းကြီးက ယနေ့ ဝန်ခံထားသည်။

ဖြစ်စဥ်တွင် တောင်တွင်းကြီး – မြို့သစ် လမ်းပိုင်း တစ်နေရာတွင် ယနေ့ နံနက် ၁၀ နာရီခန့်အချိန် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီး တပ်ဖွဲ့မှ အိမ်စီးကားတစ်စီးအား ရှောင်တခင် စစ်ဆေးရာ အရာရှိတစ်ဦးအား ဖမ်းစီးရမိခဲ့သည်။ ထိုအရာရှိအား စစ်ဆေးရာတွင် ကြည်း ၆၁၄၈၀ ဗိုလ်ကြီးနိုင်သူရဖြစ်ပြီး ၎င်း အရာရှိသည် (၁၀၁၈) နယ်ခြားစောင့်တပ် မြဝတီမှ ခလရ(၂၉) မြစ်ကြီးနားသို့ပြောင်းရွေ့ရမည့် အရာရှိဖြစ်ပြီး မန္တလေးမှ မြစ်ကြီးနားသို့ လေယာဥ်ဖြင့် သွားမည်ဟု သိရှိရကြောင်း ဖော်ပြထားသည်။

ဖမ်းမိသော ဗိုလ်ကြီးနိုင်သူရမှာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်-တောင်တွင်းကြီးမှ လုံခြုံရေးတာဝန်ကျ PDF အား အပေါ့သွားချင်သည်ဟုပြောဆိုသဖြင့် ထိပ်တုံးမှ ဖြုတ်၍ လိုက်ပို့ရာတွင် တံတွေးနှင့်ထွေးခြင်း သတ်ချင်သတ်ပစ်လိုက်ဟုဆိုကာ လက်ထိပ်ခတ်လျက်နှင့် ဝင်ရောက် နပမ်းလုံးခြင်း (လက်နက်လုခြင်း) ပြုလုပ်သဖြင့် ပစ်သတ်လိုက်ရသည်ဟုလည်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်-တောင်တွင်းကြီးကဆင်ခြေပေးထားသလို ထိုသို့ မပြုလုပ်ပါက NUG ညွှန်ကြားချက်အတိုင်း အသက်အန္တရာယ်မပြုဘဲ ကာကွယ်ပေးမည်ဟုလည်း အကြောင်းပြချက်ပေးထားသည်။

မူရင်းသတင်း — Myanmar Transparency News