Myanmar Transparency News

တစ်မိုက်သာ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF ၂၅ ဦးခန့်က ဒလန်ဟုစွပ်စွဲကာ နေအိမ်တွင် လာဖမ်းပြီး ရွာပြင်တွင် ပစ်သတ်

၂၂. ၇. ၂၀၂၅
Written by Nay Moe

တောင်သာမြို့နယ်၊ တစ်မိုက်သာ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒလန်ဟုစွပ်စွဲကာ PDF ၂၅ ဦးခန့်က လာရောက်ဖမ်းဆီးပြီး ရွာပြင်တွင် ပစ်သတ်လိုက်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF များက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်သာမြို့နယ်၊ တစ်မိုက်သာ ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲမြင့်အောင်(ခ)ဦးဘိုရဲ(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၂၅ ဦးခန့် ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာအနောက်ဘက်တောစပ်အရောက် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးရဲမြင့်အောင်(ခ)ဦးဘိုရဲတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News