Myanmar Transparency News

ကြိုးဆွချ သတ်သေဖို့ ကြံစည်တာကို ပတ်ဝန်းကျင်က အချိန်မီကယ်တင်နိုင်လို့ အသက်ရှင်လျက်ဆေးရုံပို့နိုင်ခဲ့

၂၇. ၇.၂၀၂၅
Written by Hey Mar

အသက်၂၈ နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချ(ဆွဲကြိုးချ) သတ်သေတာကို မိသားစုနဲ့ ပတ်ဝန်းကျင်က အချိန်မီမြင်တွေ့ခဲ့တဲ့ အတွက် အသက်မသေဘဲ ဆေးရုံ အချိန်မီ တင်ပို့နိုင်ခဲ့တဲ့ ဖြစ်စဉ် မနေ့က ဇူလိုင် ၂၆ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖြစ်ပွားခဲ့‌ကြောင်း မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
အေးမြသာယာရပ်ကွက်က နေအိမ်တစ်အိမ်မှာ အဆိုပါလူငယ်က အရက်အနည်းငယ်သောက်စားထားပြီး ကြိုးဆွဲချကာ သေကြောင်းကြံနေချိန် မိသားစုများမှ တွေ့ရှိ အချိန်မီတားနိုင်တာ‌ကြောင့် အသက်မသေဘဲ ဒဏ်ရာတချို့ရရှိကာ အသက်ရှုရခက်နေကြောင်း လူမှုကယ်ဆယ်‌ရေးအသင်းမှ လူနာတင်ကားကို ဆက်သွယ်အကူအညီတောင်းလာတာကြောင့် ချက်ချင်းထွက်ခွာကူညီပေးခဲ့တာလို့ သိရပါတယ်။

“ဘာလို့ လုပ်ရတယ်ဆိုတဲ့ လုပ်ရပ်ကို မပြောဘူး။ သူ့ကြည့်ရတာ အရက်သေစာသောက်စားထားပုံရပြီး ပါးစပ်ကလည်း အမြုပ်တွေ ထွက်နေတယ်။ သူကြိုးတန်းလန်းနဲ့ ဖြစ်နေတုန်း အမျိုးအဆွေတွေက အောက်ကနေ ခြေထောက်ကို ပွေ့လိုက်လို့ အသက်မသေတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ ကြိုးဆွဲချသတ်သေဖို့ ကြံစည်သူ အမျိုးသားကို မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး အသင်းက မြစ်ကြီးနားဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News