Myanmar Transparency News

TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ ကွတ်ခိုင်က ရာစုသစ်ဟိုတယ်ကို ဗုံးကြဲ၊ အနည်းဆုံးငါးယောက်သေ

၃၀. ၇. ၂၀၂၅
Written by Nay Moe

TNLA နယ်​မြေလုယက် သိမ်းယူထားတဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၂) က ရာစုသစ် ဟိုတည်ပေါ်တည့်တည့်ကို ဂျက်ဖိုက်တာ တစ်စီးနဲ့ ဒီနေ့ ဇူလိုင် ၃၀ ရက်ကူးစ နံနက် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ဗုံး တစ်လုံးကြဲချခဲ့တာကြောင့် အနည်းဆုံး ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။

ကြဲချလိုက်တဲ့ဗုံးဟာ Hotel Yar Su Thit အပေါ် တည့်တည့်ကျခဲ့တာကြောင့် ဟိုတယ်အပေါ်ဆုံးထပ်နဲ့ သုံးလွှာမှာ ကြီးကြီးမားမားထိခိုက်ပျက်စီးခဲ့သလို ဟိုတယ်ဘေးက နေအိမ်တချို့မှာလည်း ပျက်စီးထိခိုက်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟိုတယ်မှာလည်း သေဆုံးဒဏ်ရာရသူတွေရှိတယ်။ ဘေးအိမ်တွေမှာလည်း သေဆုံးဒဏ်ရာရသူတွေရှိတယ်။ ဟိုတယ်ပေါ်တည့်တည့်ကျသွားတာပါ”လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်ပေါ်မှတ်ချက်ပြုထားသလို ကွတ်ခိုင် လဝကရုံးထဲရှိနေတဲ့ TNLA လက်နက်ကိုင်တွေလည်း ကားလမ်းမအောက်က မြောင်းထဲ ဝင်ပုန်းခိုနေကြတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့ကို ပြည်ပနိုင်ငံထောက်ကူမှုအရ ကျားဖြန့်တိုက်ဖျက်မယ်အကြောင်းပြပြီး ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ MNDAA နဲ့ TNLA က နယ်မြေလုယက်သိမ်းယူခဲ့တာဖြစ်ပြီး လက်ရှိမှာ PSLF/TNLA က ကြားကာလ အုပ်ချုပ်ရေးနဲ့ ချုပ်ကိုင်ထားသလို MNDAA ကတော့ တပ်ဆုတ်ဖို့ပြင်နေတယ်လို့ လူမှုကွန်ရက်မှာ ရေးသားနေပါတယ်။ ဒီနေ့တိုက်ခိုက်မှုမှာ ရာစုသစ်ဟိုတယ်ပေါ် တက်အိပ်နေတဲ့ TNLA အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ နှစ်ဦးထက်မနည်းသေဆုံးတယ်လို့လည်း သိရပြီး TNLA ကတော့ လက်ရှိအချိန်အထိ ထုတ်ပြန်မှုမရှိဘဲ ဖုံးဖိထားဆဲ ဖြစ်ပါတယ်။

ပုံစာ။ ရာစုသစ်ဟိုတယ် ဗုံးကြဲခံရမှုမြင်ကွင်း (Photo-CJ)

မူရင်းသတင်း — Myanmar Transparency News