Myanmar Transparency News

မန္တလေးတွင် အမျိုးသားတစ်ဦး ဘီယာသောက်ရင်း သွေးအန်သေဆုံးမှု ယနေ့ ဖြစ်ပွား

၃၀.၇.၂၀၂၅
Written By Zun

ယနေ့ညပိုင်း ၈ နာရီကျော်အချိန်ကက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘီယာဆိုင်တစ်ခုတွင် အသက် (၅၅)နှစ်အရွယ်အမျိုးသားတစ်ဦး ဘီယာသောက်ရင်း သွေးအန်သေဆုံးမှုဖြစ်ပွားကြောင်း သတင်း အရ “မဏီစလ” လူမှုကူညီရေးအသင်း(မန္တလေး) က အရေးပေါ် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

“ဆေးရုံကြီးကို ပို့ခဲ့တယ်။ OPD ကိုလေ။ အဲဒီကနေ ရင်ခွဲရုံကိုပို့တယ်။ သူက မန္တလေးကပါပဲ။ သွေးတွေအန်ထားတာ ခြင်းနဲ့အပြည့်ပဲ။ ကျွန်တော်တို့ရောက်တော့ ဆုံးနေပါပြီဗျ။ ဘီယာဆိုင်နာမည် တော့ မပြောတော့ပါဘူးဗျ” ဟု အဆိုပါ အသင်းတာဝန်ရှိသူက MT News ကို ပြောသည်။

အသင်းအနေဖြင့် အရေးပေါ်ကားထွက်ခွာကာ ဆုံးပါးသူအား တင်ဆောင်၍ ပြည်သူ့ဆေးရုံကြီး (OPD) သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ဘီယာသောက်ရင်းသေဆုံးရသည့်အကြောင်းရင်းကိုမူ လတ်တလော မသိရသေးပေ။

မူရင်းသတင်း — Myanmar Transparency News