Myanmar Transparency News

AA ထိန်းချုပ်ရာ ပေါက်တောမြို့နယ်တွင် ဘုန်းကြီးက လေးတန်းကျောင်းသူအား သက်ငယ်မုဒိမ်းပြုကျင့်မှု ဖြစ်ပွား

၁. ၈.၂၀၂၅
Written By Zun

AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် သင်္ကန်းဝတ် ဘုန်းကြီးက လေးတန်းကျောင်းသူအား သက်ငယ်မုဒိမ်းပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူမှာ အသက် ၆၉ နှစ်အရွယ် စန္ဒိမာ(လူအမည် စိန်လှထွန်း) က အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူတစ်ဦးအား ဓမ္မာရုံအတွင်း အတင်းအဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် အမျိုးသမီးရေးရာကော်မတီက ထိရောက်စွာ အရေးယူပေးရန်တောင်းဆိုထားသည်။

“ကလေးမလေးက သူ့ရွာရဲ့ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ ကျောင်းတက်ပြီးအပြန် ထီးမေ့ကျန်ခဲ့လို့ သွားပြန်ယူတာ။ အဲဒါကို ဦးစန္ဒိမာက မုဒိမ်းကျင့်တာ။ ပေါက်တောမှာက ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်လေ။ ရှိတဲ့သူတွေကလည်း AA ဘက်က ဆိုတာနဲ့ AA က အာဏာရထားတာ။AA က အုပ်ချုပ်နေတာ ဆိုပြီး လုပ်ချင်တာ လုပ်နေ ကြတာ။ ဘုန်းကြီးကလည်း AA ပဲလေ”ဟု ဒေသခံ တစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် AA က ယင်း ဘုန်းကြီးကို လူဝတ်လဲ ဖမ်းဆီးထားကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြထားကြသည်။

မူရင်းသတင်း — Myanmar Transparency News