Myanmar Transparency News

တောင်ဥက္ကလာဘေလီတံတားအောက်ထဲ သေဆုံးနေတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိထားပြီး ပိုင်ရှင်မဲ့ဖြစ်နေ

၁.၇.၂၀၂၅
Written by Hey Mar

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာ ဘေလီကြိုးတံတားအောက်မှာ အမျိုးသမီးရုပ်အလောင်းတစ်လောင်း တွေ့ရှိဆယ်ယူရတဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၁ ရက် ညနေ ငါးနာရီဝန်းကျင်ကဖြစ်ပွားခဲ့ပြီး သေဆုံးသူရဲ့ မိသားစု ဆွေမျိုးတွေကို ရှာဖွေနေဆဲလို့ မေတ္တာသီတာရေစင် ပရဟိတ အသင်းထံကနေ သိရပါတယ်။

ရေနစ်သေဆုံးသူ အမျိုးသမီးက အသက် ၃၅ နှစ်ဝန်းကျင်လို့ ခန့်မှန်းရပြီး ခန္ဓာကိုယ် ပုံမပျက် အနံ့မထွက်သေးလို့ သေဆုံးတာ မကြာသေးဘူးလို့ ယူဆရကြောင်းလည်း အဆိုပါအသင်းတာဝန်ရှိသူက ရေထဲက ရုပ်အလောင်းဆယ်ယူရတဲ့ အတွေ့အကြုံကို ပြောပါတယ်။

“မျောပါလာတာလား ခုန်ချတာလား ကျွန်တော်တို့ မသိပါဘူး။ ရဲတွေ စုံစမ်းစစ်ဆေးနေပါတယ်။ ရင်ခွဲရုံကလည်း ရင်ခွဲစစ်ဆေးမှု လုပ်နေပါတယ်။ ကျွန်တော်တို့ပြောနိုင်တာက ရုပ်မပျက်သေးလို့ မိသားစု သိရှိစေချင်ပါတယ်။ ပြင်ပဒဏ်ရာတော့ အလောင်းမှာ မတွေ့ပါဘူး” လို့ MT News က ဆက်သွယ် မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ရုပ်အ‌လောင်းကို မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် သင်္ဃန်းကျွန်း စံပြဆေးရုံ ရင်ခွဲရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မေတ္တာသီတာရေစင် ပရဟိတအသင်း

မူရင်းသတင်း — Myanmar Transparency News