Myanmar Transparency News

ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦး အဝေးပြေးလမ်းဖောက်တဲ့ လုပ်ငန်းခွင်အတွင်း မတော်တဆ ဓာတ်လိုက်ကာ ပြင်းထန်ဝေဒနာနဲ့ ဆေးကုသမှု ခံယူနေရ

၄.၈.၂၀၂၅
Written by Hey Mar

မြန်မာလုပ်သားတစ်ဦးလုပ်ငန်းခွင်အတွင်း မတော်တဆဓာတ်လိုက်ကာ သတိလစ်မေ့မြောပြီး ဆေးရုံတက်ရောက်ကုသနေရတဲ့ဖြစ်စဉ် ကိုရီးယားနိုင်ငံက အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဒီနေ့ ဩဂုတ် ၄ ရက် နေ့လယ် တစ်နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ကိုရီးယားရောက် မြန်မာ လုပ်သားအ‌ရေး အကူအညီပေးနေတဲ့ အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်က ဩဂုတ် ၄ ရက် နေ့လယ် ၁ နာရီ ၃၄ မိနစ်အချိန်ခန့်မှာ ဂယောင်ဂီပြည်၊ ဂွါန်မြောင်မြို့၊ ဂွါန်မြောင် -ဆိုးလ် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေး လုပ်ငန်းခွင်က အသက် ၃၀ နှစ်အရွယ်ရှိ မြန်မာ လုပ်သား အမျိုးသားတစ်ဦးကြုံတွေ့ခဲ့တာဖြစ်ပြီး မြန််မာလုပ်သားက ဆောက်လုပ်ရေး လုပ်ငန်းခွင် မြေအောက် ၁၈ မီတာရှိ ရေစုပ်စက်ပိုက်ကို ဝင်ရောက် စစ်ဆေးနေစဉ် ဓာတ်လိုက်ပြီး လဲကျသွားတာဖြစ်ကြောင်းသိရပါတယ်။

လုပ်ငန်းခွင်တာဝန်ရှိသူ‌တွေက ၁၁၉ အကူအညီနဲ့ နီးစပ်ရာ ဆေးရုံဆီပို့‌ ဆောင်ပေးခဲ့ပြီး ရဲဝန်ထမ်းတွေက မြန်မာလုပ်သား ဓာတ်လိုက်မှုနဲ့ ပတ်သက်လို့ လုပ်ငန်းခွင်နဲ့ တာဝန်ရှိသူတွေကို စစ်ဆေးနေကြောင်းလည်း ကိုရီးယားရောက် မြန်မာလုပ်သားအ‌ရေး အကူအညီပေးနေတဲ့ အသိုင်းအဝိုင်းမှ တာဝန်ရှိသူက ဆိုပါတယ်။

မြန်မာလုပ်သားအ‌ရေး အကူအညီပေးနေတဲ့ အသိုင်းအဝိုင်းမှ တာဝန်ရှိသူက “မြန်မာလုပ်သားက ဓာတ်လိုက်ပြီး နာရီဝက်ကျော် မေ့လဲနေကြောင်း၊ အသက်ရှုရပ်ပြီး နှလုံးခုန်နှုန်း မူမမှန်လို့ ၁၁၉ ဝန်ထမ်းတွေက နှလုံးပြန်လည် ခုန်လာအောင် ဆောင်ရွက်ပေးပြီး နီးစပ်ရာ ဆေးရုံကြီးကို အမြန်ဆုံး ပို့ပေးခဲ့ကြောင်း၊ ရုံးတာဝန်ခံ တစ်ဦးက ဆေးရုံကို လိုက်သွားကြောင်း၊ အခုချိန်မှာ မြန်မာလုပ်သားက အနည်းငယ် ကောင်းမွန်လာပြီဖြစ်ကြောင်း၊ မြန်မာ လုပ်သားတစ်ဦးက ကျနော့်ကို ဆက်သွယ် ပြောလာပါတယ်” လို့လည်း လူမှူကွန်ရက်ကနေ အသိပေးထားပါတယ်။

ဓာတ်ပုံ – ဇော်မိုးအောင် (ကိုရီးယား)

မူရင်းသတင်း — Myanmar Transparency News