Myanmar Transparency News

ဆန်နဲ့ ကြက်သွန်တွေ တင်ဆောင်လာတဲ့ Canter ‌ ခြောက်ဘီးယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်မှု ဟိုပုံး-လွိုင်လင်သွား ကားလမ်းပေါ်မှာဖြစ်ပွားခဲ့ပြီး တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

၇ .၈၂၀၂၅
Written by Hey Mar

ဆန်နဲ့ ကြက်သွန်တွေတင်ဆောင်လာတဲ့ Canter ‌ ခြောက်ဘီးယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်လို့ ယာဉ်ပေါ်ပါသူ အမျိုးသား‌ လေးဦးအနက် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိမှု မနေ့က ဩဂုတ် ၆ ရက် နေ့လယ်ပိုင်းက ဟိုပုံး-လွိုင်လင်သွား ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံရှမ်းတောင်ပရဟိတထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဟိုပုံး-လွိုင်လင်သွား ကားလမ်း၊ မိုင်းပွန်မြို့ အနောက်ဘက် ပွန်ချောင်းစားသောက်ဆိုင်‌အနီးအရောက် အဆိုပါ Canter ယာဉ်မှာ ကားဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲလမ်းရဲ့ ဝဲဘက်ရှိ အနက်ပေ(၃၀)ခန့် ချောက်ထဲ ထိုးကျတိမ်းမှောက်ရာ ကားနောက်ဘက် ကုန်ပစ္စည်း‌တွေပေါ်ကနေ စီးနင်းလာတဲ့ ယာဉ်နောက်လိုက် နေရာတင်သေဆုံးခဲ့ပြီး၊ ယာဉ်မောင်းထိခိုက်ဒဏ်ရာမရရှိခဲ့ဘဲ ယာဉ်ရှေ့ခန်းက လိုက်ပါလာတဲ့ အမျိုးသားနှစ်ဦးက‌တော့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Canter ယာဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နေရဉ္စယျကျေးရွာကနေ ဆန်/ကြက်သွန်ဖြူ/နီ အိတ်တွေ တင်ဆောင်ကာ မောင်းနှင်လာတာလို့သိရပါတယ်။ ဒေသခံ ရှမ်းတောင် ပရဟိတအဖွဲ့တွေနဲ့ သက်ဆိုင်ရာက ချောက်ထဲ ထိုးကျနေတဲ့ ကားကို ကရိန်းနဲ့ ဆွဲတင်ကူညီခဲ့သလို သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးကိုလည်း မိုင်းပွန်တိုက်နယ်ဆေးရုံဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News