Myanmar Transparency News

ရှစ်နှစ်အရွယ်မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်ကာ သတ်ဖြတ်ပြီးအလောင်းဖျောက်သူအား ဖမ်း​ဆီးထားစဥ် လက်နက်ယူဆောင်ကာ ထွက်​ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

၇.၈.၂၀၂၅
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်ကာ သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်သူအမျိုးသားမှာ ရဲစခန်းတွင် ဖမ်းဆီးထားစဥ် လက်နက်ယူဆောင်ကာ ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကျုးလွန်သူ အသက် ၂၉နှစ်အရွယ် သူရိန်ထွန်းကို ဟောင်လိတ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၇၆/ ၅၁၁/၂၀၂ တို့​ဖြင့် သြဂုတ်လ ၄ ရက်တွင် အမှုဖွင့် အရေးယူထားခြင်းဖြစ်သည်။

ထို့နောက် ကျုးလွန်သူအမျိုးသားကို ဩဂုတ်လ ၆ ရက် မွန်းလွဲပိုင်းအချိန် တာဝန်ရှိသူများက စစ်ဆေးရန် ခေါ်ဆောင်သွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၍ လက်နက်ကို ယူဆောင်ကာထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ပစ်ခတ်ခံရသော ကျုးလွန်သူမှာ နောက်ကျောထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး ရုပ်အလောင်းကို တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့အပ်ကာ ဟောင်လိတ်နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဥ် ဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသက်ငယ်မုဒိမ်းမှုဖြစ်စဥ်တွင် ကျူးလွန်သည့် သူရိန်ထွန်းက တာချီလိတ်မြို့နယ်၊ ဟောင်လိတ်၊ ဝမ်ဟောင်ရပ်ကွက်တွင်နေသူ အသက် ရှစ်နှစ်အရွယ် မငြိမ်းနှင်းနွယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက နေအိမ်မှ ကစားရန်ထွက်သွားခဲ့ပြီးနောက် မုန့်ဝယ်ကျွေးမည်ဟုဆိုကာ သူရိန်ထွန်းက ခေါ်ဆောင်၍ အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ကာ မယ်ဆိုင်ချောင်းတွင် အလောင်းဖျောက်ခဲ့သည့် သက်ငယ်မုဒိမ်းပြုကျင့် လူသတ်အလောင်းဖျောက်မှုဖြစ်စဥ်ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News