Myanmar Transparency News

ဖားကန့်မှာ သတ်ဖြတ် စွန့်ပစ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း နှစ်လောင်းတွေ့ရှိရပြီး ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုဟ်ပေးခဲ့ရ

၈.၈.၂၀၂၅
Written by Hey Mar

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဟင်းတင့်ကျေးရွာအနီးမှာ သေနတ်ဒဏ်ရာ‌တွေနဲ့ နှိပ်စက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်းနှစ်လောင်း ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းက တွေ့ရှိရပြီး ပိုင်ရှင်မဲ့ ဖြစ်နေတာကြောင့် ဒေသခံ ပရဟိတသမားတွေကပဲ ကောက်ယူ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ရုပ်အလောင်းတွေမှာ ဒဏ်ရာဒဏ်ချက်များစွာ ရရှိထားသလို အနီးအနား ပတ်ဝန်းကျင်ကို စုံစမ်းရာမှာလည်း မနေ့က ဩဂုတ် ၇ ရက်နေ့ ည ၉ နာရီကျော်အချိန်ခန့်က သေနတ်သံတွေကြားရတာကလွဲရင် ကျန်တာမသိရှိကြောင်းသာ ငြင်းဆိုကြတာမို့ အခုလိုပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုဟ်ရတာဖြစ်ကြောင်း MT News ကို ပြောပြပါတယ်။

တွေ့ရှိရတဲ့ အမျိုးသားရုပ်အလောင်းတွေက အသက် ၃၅ နှစ်ဝန်းကျင်တွေလို့သာ ခန့်မှန်းရပြီး ရုပ်အလောင်းသွားရောက်ကောက်ယူခဲ့တဲ့ ‌ပရဟိတ စေတနာ့ဝန်ထမ်းက “အခုရက်ပိုင်း ပိုင်ရှင်မဲ့ သေနေတာတွေ ကောက်ရတာ အတော်များတယ်။ စစ်ဖြစ်လို့ လက်နက်ကြီးထိပြီး သေတာတွေလည်းရှိတယ်။ များလို့ မှတ်တောင်မမှတ်မိတော့ဘူး။ အခု အလောင်းက နှစ်ယောက်စလုံး ခေါင်းတွေကို သေနတ်နဲ့ ပစ်ခံထားရတာ။ တစ်ယောက်က ခေါင်းတည့်တည့်ထိလို့ ‌ဦးနှောက်တွေပါပွင့်တယ်။ တစ်ယောက်က ဇက်ပိုးထိတာ။ လူတွေက သူတို့သိလို့ ဖော်မိရင်တောင် ပြဿနာရှိမှာစိုးတော့ ဘယ်မှ မေးမရဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ အမျိုးသား ရုပ်အလောင်းနှစ်လောင်းကို ဝေခါသုသာန်မှာပဲ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News