Eleven Media Group

ဖရင်ပေါင်ကို ဆာလာ အာဖရိကဖလားပွဲ သွားကစားချိန် တိုက်စစ်မှာအသုံးပြုဖို့ ရည်ရွယ်ကြောင်း အာနယ်ဆလော့ ဖွင့်ဟ

Photo: X

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က နယ်သာလန်ကစားသမား ဖရင်ပေါင်ကို ခေါ်ယူခဲ့တာဟာ အီဂျစ်တိုက်စစ်ကစားသမား ဆာလာ အာဖရိကဖလားပွဲ သွားကစားချိန် တိုက်စစ်မှာ အသုံးပြုဖို့ ရည်ရွယ်ချက်လည်း ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဖရင်ပေါင်(၂၄ နှစ်)ကို လေဗာကူဆင်အသင်းဆီကနေ ပေါင်(၃၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဖရင်ပေါင်ဟာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံထားရပြီး ညာတောင်ပံမှာလည်း ကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။
'' ကျွန်တော်တို့ ဖရင်ပေါင်ကို ခေါ်ယူခဲ့ရာမှာ ဆာလာနေရာအတွက်လည်း တွေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ညာနောက်ခံနေရာမှာသာမက ညာတောင်ပံမှာလည်း ကစားနိုင်တာကြောင့်ပါ။ အာဖရိကဖလားမှာ မို(ဆာလာ)ကို (၆)ပွဲလောက်အထိ လက်လွှတ်ရနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဒါက များပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက သူ စွမ်းဆောင်ခဲ့တာကို မြင်ခဲ့ရင်ပေါ့။ ဖရင်ပေါင်ကို ခေါ်ယူခဲ့တဲ့ အကြောင်းပြချက်များစွာထဲမှာ မိုနေရာ အစားဝင်နိုင်တာကလည်း တစ်ချက်ပါဝင်ပါတယ်'' လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။
၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၅ ဒီဇင်ဘာ ၂၁ ကနေ ၂၀၂၆ ဇန်နဝါရီ ၁၈ အထိ မော်ရိုကိုနိုင်ငံမှာ ကျင်းပသွားမှာပါ။

မူရင်းသတင်း — Eleven Media Group