Eleven Media Group

ဒေါ်နယ်ထရမ့်ကြောင့် အမေရိကန်မှာ ပွဲပြန်ထိုးခွင့်ရခြင်းဖြစ်ဟု ရုရှား MMA ဖိုက်တာ ချီမာ့ဗ် ဖွင့်ဟ

Photo: UFC

ရုရှား MMA ဖိုက်တာ ခမ်ဇက်ချီမာ့ဗ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြောင့် အမေရိကန်နိုင်ငံမှာ ပွဲပြန်ထိုးခွင့်ရတာဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

ချေချင်းညာဒေသမှာမွေးဖွားခဲ့သူ ချီမာ့ဗ် (၃၁ နှစ်) ဟာ သြဂုတ် ၁၆ ရက်နေ့ကျင်းပမယ့် UFC 319 ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ တောင်အာဖရိက MMA ဖိုက်တာ ဒူပလပ်ဆစ်ကို စိန်ခေါ်ထိုးသတ်ရမှာပါ။

အဲဒီပွဲဟာ ချီမာ့ဗ်အတွက်တော့ ၂၀၂၂ ခုနှစ် စက်တင်ဘာနောက်ပိုင်း ၃ နှစ်အကြာမှသာ အမေရိကန်နိုင်ငံမှာ တစ်ကျော့ပြန်ထိုးသတ်ခွင့်ရတာလည်းဖြစ်ပါတယ်။

ချီမာ့ဗ်ဟာ ခရီးသွားလာမှုဆိုင်ရာအကြောင်းပြချက်နဲ့ အမေရိကန်ပြည်ဝင်ခွင့် ငြင်းပယ်ခံထားရတာကြောင့် နောက်ဆုံးထိုးသတ်တဲ့ ၂ ပွဲကို ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

သူဟာ အမေရိကန်အစိုးရက ဖိနှိပ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူသတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့အရေးယူမှုပြုလုပ်ထားတဲ့ ချေချင်းခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်နဲ့ နီးစပ်သူဖြစ်ပြီး နှစ်ယောက်တွဲရိုက်ကူးထားတဲ့ဓာတ်ပုံများစွာကို ဆိုရှယ်မီဒီယာတွေမှာ တင်ဖူးပါတယ်။

ချီမာ့ဗ်ကတော့ အရင်က အမေရိကန်ပြည်ဝင်ခွင့်ဗီဇာမရတာဟာ သူ့အမှားကြောင့်မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပြီး ဒေါ်နယ်ထရမ့်ကြောင့် ပွဲထိုးခွင့်ပြန်ရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group