Eleven Media Group

အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲမှာ မြန်မာအသင်း အင်ဒိုနီးရှားကို သရေသာကစားနိုင်လို့ ခြေစစ်ပွဲအောင်မြင်ရေး နောက်ဆုံးပွဲအရေးပါနေ

Photo: Shine Linn Htet

၂၀၂၆ အာရှဖလား ယူ-၂၀ အမျိုးသမီး ခြေစစ်ပွဲ အုပ်စု(D) ဒုတိယနေ့ကို သြဂုတ် ၈ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းဟာ အင်ဒိုနီးရှားအသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့အတွက် ခြေစစ်ပွဲအောင်မြင်ရေး နောက်ဆုံးပွဲ အရေးပါနေကြောင်း သိရပါတယ်။
အိမ်ရှင်မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းဟာ နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ချေပဂိုးများ ပြန်ပေးရကာ သရေတစ်မှတ်သာရခဲ့လို့ ခြေစစ်ပွဲအောင်မြင်ရေး ဆက်လက်ရုန်းကန်ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ တတိယလုပွဲမှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ရှုံးကြွေးးပြန်ဆပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
မြန်မာအသင်းဟာ တာ့ခ်မင်နစ္စတန်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ အဖွင့်ပွဲ ပွဲထွက်လူစာရင်းကို အပြောင်းအလဲတချို့ ပြုလုပ်ခဲ့ပြီး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။
အင်ဒိုနီးရှားအသင်းဟာ ခံစစ်အားပြုကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစားခဲ့ခြင်းဖြစ်ပါတယ်။
၃၉ မိနစ်မှာ မြန်မာအသင်း ဂိုးစတင်ရရှိခဲ့ပြီး ယဉ်လွန်းအိမ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်ပါတယ်။
ဒုတိယပိုင်းအစမှာလည်း မြန်မာအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ၅၃ မိနစ်မှာ နိိုင်နိုင်ဝင်းက ခေါင်းတိုက်ကာ ဒုတိယဂိုးထပ်မံသွင်းယူခဲ့ပါတယ်။
အဲဒီနောက် အင်ဒိုနီးရှားအသင်းက ချေပဂိုးရရှိဖို့ ကြိုးပမ်းလာရာ ၆၉ မိနစ်မှာ ဟန်ဒါရာနီနဲ့ ၇၂ မိနစ်မှာ ကေလာတို့က သွင်းယူခဲ့တဲ့အတွက် နှစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်ပါတယ်။
ဒုတိယပွဲမှာ အိန္ဒိယအသင်းက တာ့ခ်မင်နစ္စတန်အသင်းကို (၇-၀) ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
အုပ်စု (D) နှစ်ပွဲစီကစားအပြီးမှာ မြန်မာအသင်းနဲ့ အိန္ဒိယအသင်းက လေးမှတ်စီ၊ အင်ဒိုနီးရှားအသင်းက နှစ်မှတ်ရရှိထားပြီး တာ့ခ်မင်နစ္စတန်အသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပါဘူး။
အုပ်စုနောက်ဆုံးနေ့ကို သြဂုတ် ၁၀ ရက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး ညနေ ၄ နာရီမှာ မြန်မာအသင်းနဲ့ အိန္ဒိယအသင်း၊ ည ၇ နာရီမှာ အင်ဒိုနီးရှားအသင်းနဲ့ တာ့ခ်မင်နစ္စတန်အသင်း ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group