Myanmar Transparency News

အရက်မူးပြီး မောင်းလာတဲ့ ကုန်တင်ယာဉ်‌ ယာဉ်မောင်းက ရပ်ထားတဲ့ ကားနောက်ပိုင်းကို အရှိန်နဲ့ဝင်တိုက်ကာ ကားအတွင်းညပ်နေလို့ တာဝန်ရှိသူတွေ ခဲရာခဲဆစ် သယ်ထုတ်ခဲ့ရ

၈.၈.၂၀၂၅
Written by Hey Mar

ရပ်ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး မြေသယ်ယာဉ်အမျိုးအစားရဲ့ နောက်ပိုင်းကို အရက်မူးပြီးမောင်းလာတဲ့ ခြောက်ဘီးကုန်တင်ယာဉ်က ဝင်တိုက်မိပြီး ယာဉ်မောင်းကား‌ခေါင်းခန်းမှာ ညပ်နေလို့ လူမှုကူညီရေးအသင်းတွေက ကူညီသယ်ထုတ်ပေးခဲ့ရတဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၈ ရက် မွန်းတည့်ချိန်ခန့်က ရန်ကုန်တိုင်း​​ဒေသကြီး၊ အင်းစိန်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ အနာဂတ်အလင်းတန်း လူမှုကူညီရေးအသင်းထံက သိရပါတယ်။

ဖြစ်စဉ်က အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း​မပေါ်၊ ရွာမမှတ်တိုင်အနီးမှာ သြဂုတ်လ(၈)ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ကုန်တင်ယာဥ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ကားလမ်းရဲ့ အောက်ဆုံး‌ကြောယူကာရပ်ထားတဲ့ ယာဥ်ကို ဝင်တိုက်မိတာလို့ သိရပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ပရဟိတစေတနာ့ဝန်ထမ်းတစ်ဦးက “အရက်မူးပြီးတိုက်တာ။ သောက်လက်စ အရက်ဗူးလည်းပါတယ်။ ခြေထောက်နှစ်ဖက်စလုံးညပ်နေတာမို့ ဒဏ်ရာမများအောင် သေချာလေး ဂရုတစိုက် ထုတ်ပေးရတယ်။ ပြင်းထန်ထိခိုက်တော့ မဟုတ်ပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အင်းစိန်မြို့နယ်ကြက်ခြေနီဌာနခွဲမှ စေတနာ့လုပ်အားရှင်တွေက ရှေးဦးပြုစုခြင်းနဲ့ ကြက်ခြေနီလူနာတင်ယာဥ်အကူအညီပေးဖို့ သွားရောက်ခဲ့ကြကာ ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရှိတဲ့ ယာဉ်မောင်းကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဥ်တစ်စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေပါဝင်ဆောင်ရွက်ခဲ့ကြပြီး အင်းစိန်ဆေးရုံဆီ အချိန်မီပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News