Myanmar Transparency News

မလေးရှားနိုင်ငံက ဘာတုပီကန်ဆိပ်ခံတံတားမှာ ကျောက်ချရပ်နားထားတဲ့ သင်္ဘောပေါ်ကနေ မြန်မာနိုင်ငံသားတစ်ဦး ကီရီယန်မြစ်ထဲကို ပြုတ်ကျ ပျောက်ဆုံးနေ

_upscale

၉. ၈. ၂၀၂၅

Translated by Thettant

မလေးရှားနိုင်ငံ၊ ဆာရာတုတ်မြို့က ဘာတုပီကန် (Batu Pekan) ဆိပ်ခံတံတားမှာ ကျောက်ချရပ်နားထားတဲ့ သင်္ဘောပေါ်ကနေ ကီရီယန်မြစ် (Kerian River) ထဲကို ပြုတ်ကျပြီး ရေနစ်ပျောက်ဆုံးသွားတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ရှာဖွေနေပါတယ်။

မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန (Bomba) က ပြောကြားချက်အရ ဒီကနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှု ရရှိပြီးနောက် ဆာရာတုတ်စခန်းက ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဖွဲ့ရောက်ရှိသွားချိန်မှာ ပျောက်ဆုံးနေသူဟာ အသက် ၂၀ အရွယ် မြန်မာနိုင်ငံသား သူထူးအောင်လို့ အမည်ရတဲ့ သင်္ဘောအမှုထမ်းတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်” လို့ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အကြိုရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီလူဟာ မြစ်ထဲကို ပြုတ်ကျသွားပြီး ရေစီးနဲ့အတူ မျောပါသွားတယ်လို့ သိရပါတယ်” လို့လည်း ဆိုပါတယ်။

Bomba က ဆက်လက်ပြီး ပြောကြားရာမှာ ပျောက်ဆုံးသူရဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ မြစ်ထဲကို လိုက်လံရှာဖွေခဲ့ပေမဲ့ မတွေ့တဲ့အတွက်ကြောင့် ဌာနကို အကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆာရာတုတ်ရဲစခန်းမှာလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။

မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ ရှာဖွေကယ်ဆယ်ရေး (SAR) လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပေမဲ့ ဒီနေ့ နေ့လယ်ပိုင်းအထိတော့ ရေနစ် ပျောက်ဆုံးနေသူ မြန်မာနိုင်ငံသားကို မတွေ့ရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

Ref, Borneo Post

မူရင်းသတင်း — Myanmar Transparency News