Myanmar Transparency News

တားမြစ်ကွမ်းပေါင်းဆေးကို လမ်းဘေးဖြန့်ရောင်းသည့် စင်ကာပူရောက် ချင်းအမျိုးသမီး ဖမ်းဆီးခံရ

၁၀. ၈. ၂၀၂၅
Written by Thettant

စင်ကာပူ၊ City Hall အနီး MRT အထွက်နေရာက စျေးရောင်းဖို့ တားမြစ်ထားတဲ့နေရာမှာ ဒီနေ့ မနက်ပိုင်းအချိန်က အိမ်အကူအဖြစ်ရောက်လာတဲ့ ချင်းအမျိုးသမီးတစ်ဦးဟာ တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ခိုင်နီ၊ ဆာဒါး (Khaini, Sadah) ကွမ်းပေါင်းဆေးတွေ ဖြန့်ရောင်းလို့ စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတဲ့ ပုံတွေနဲ့ ချင်းလူမျိုးအသိုင်းအဝိုင်းက သိရပါတယ်။

“Khaini , Sadah ဆိုတာက စင်ကာပူရောက်ချင်းလူမျိုးတွေ စားကြတာပေါ့။ အဲဒါက မြန်မာလိုဆို အိန္ဒိယကလာတဲ့ ကွမ်းပေါင်းဆေးထုပ်တွေ။ ငုံထားရင် အမွှေးနံ့ပြင်းပြင်းနဲ့ မူးတဲ့ ကွမ်းပေါင်းတွေ။ ဒီတော့ အဲဒီဆေးကို စင်ကာပူက မူးယစ်နွယ်ဝင်ဆေးအဖြစ် သတ်မှတ်ထားပေမယ့် ချင်းလူမျိုးအချင်းချင်းက တိုးတိုးတိတ်တိတ်ရောင်းကြငုံကြတယ်။ အခုဖြစ်တဲ့နေရာက MRT အထွက်နေရာ၊ စျေးရောင်းခွင့်မရှိတဲ့နေရာမှာ တားမြစ်မူးယစ်ဆေးကို ဖြန့်ရောင်းတာဆိုတော့ အမှူကြီးတာပေါ့။ နာမည်ပျက်စရာဖြစ်လိုက်ရင် မြန်မာနဲ့ ချင်းဆိုတာချည်းပဲ”လို့ စင်ကာပူရောက် အင်ဂျင်နီယာတစ်ဦးက ဆိုပါတယ်။

စင်ကာပူနိုင်ငံက Khaini (ခိုင်နီ) နဲ့ Sadah (ဆာဒါး) တို့လို ကွမ်းပေါင်းဆေးတွေကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူကာ ဒီဆေးတွေဟာ လူထုကျန်းမာရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိတဲ့ ဆေးလိပ်မဟုတ်တဲ့ဆေးရွက်ကြီး ထုတ်ကုန်အဖြစ် သတ်မှတ်ထားတာပါ။ ဒီလိုသတ်မှတ်ရတာက ဒီဆေးတွေဟာ ပါးစပ်နဲ့ လည်ချောင်းကင်ဆာဖြစ်စေနိုင်တာ၊ ဆေးရွက်ကြီးထုတ်ကုန်ဖြစ်လို့ ဆေးစွဲတာ၊ ဆေးလိပ်သောက်မှုမြင့်တက်တာတွေကြောင့်ပါ။

စင်ကာပူမှာ ပြဌာန်းထားတဲ့ Tobacco (Control of Advertisements and Sale) Act ဥပဒေအရ Khaini နဲ့ Sadah အပါအဝင် ပါးစပ်နဲ့ဝါးရတဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေ၊ Shisha ဆေးရွက်ကြီး၊ အငွေ့ထုတ်ကိရိယာ (Vaporiser) တွေလိုမျိုး အသစ်ထုတ် ဆေးရွက်ကြီးထုတ်ကုန် Emerging tobacco products တွေကို လုံးဝပိတ်ပင်ထားပါတယ်။

ဒီဥပဒေအရ တားမြစ်ထားတဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ပထမအကြိမ်လက်ဝယ်ထား ပြစ်မှုအတွက် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂,၀၀၀ အထိ ချမှတ်ခံရနိုင်ပါတယ်။ ဖြန့်ဖြူး ရောင်းချရင် ပထမအကြိမ် ပြစ်မှုအတွက် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိ ဒါမဟုတ် ထောင်ဒဏ် ၆ လအထိ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ကျခံရနိုင်သလို အခွန်ရှောင်၊ ခိုးသွင်းတာမျိုးဆို အမြင့်ဆုံးက ထောင်ခြောက်နှစ်အပြင် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ကျခံရနိုင်ပါတယ်။

မူရင်းသတင်း — Myanmar Transparency News