Myanmar Transparency News

အသက် ၈၀ ခန့် အဘွားအိုတစ်ဦးကို KNU နှင့် PDF များက ရိုက်သတ်နေသည့်ရုပ်သံ ထွက်ပေါ်လာပြန်

၁၁. ၈. ၂၀၂၅
Written by Nay Moe

အသက် ၈၀ ခန့် အဘွားအိုတစ်ဦးကို KNU နှင့် PDF များက ရိုက်သတ်နေသည့် ရုပ်သံတစ်ခု လူမှုကွန်ရက်တွင် ယမန်နေ့က ထွက်ပေါ်လာပြန်သည်။

အဆိုပါ လူသတ်မှုရုပ်သံသည် ၁ မိနစ် ၂၅ စက္ကန့်ရှည်ကြာပြီး ဆေးလိပ်သောက်နေသည့် အဘွားအိုတစ်ဦးကို ကရင်နှင့် ဗမာစကားပြောနေသည့် လူငယ် ခြောက်ဦးထက်မနည်းက ဝါးရင်းတုတ်ဖြင့် ရိုက်သတ်နေသည်ကို တွေ့ရကာ သတ်ဖြတ်ပြီးနောက် မြစ်ကမ်းစပ်သို့ အလောင်းကို ပစ်ချလိုက်ကြသည်။

အိုမင်းမစွမ်းအဘွားအိုသည် ရိုက်သတ်ရန်ပြောနေသည့် ကရင်စကားကို နားလည်ဟန်မရှိဘဲ အေးဆေးစွာဆေးလိပ်သောက်နေချိန် ရိုက်သတ်လိုက်ကြသည်ကို ချင့်တွက်၍ ထိုလူသတ်မှုမှာ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ တပ်မတော်နှင့် ပြည်သူ့စစ်များရှိသည့် လပါတ်ရွာကို KNU နှင့် PDF များက ပျူရွာဟုဆိုကာ စီးနင်း၍ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ၂၈ ဦးကို ရိုက်နှက်သတ်ဖြတ်သဖြင့် ၁၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရသော ဖြစ်စဥ်မှ ဖမ်းဆီးခံသွားရသောအဘွားအိုအား ရိုက်သတ်လိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုနေကြသည်။

ထို့အတူ Ai Hsan Clein အကောင့်ပိုင်ရှင်နှင့် Married တင်ထားသည့် Rights Equality အကောင့်ပိုင်ရှင် ကရင်လက်နက်ကိုင်အမျိုးသားက အဘွားအိုကြောင့် PDF ကိုးယောက်သေခဲ့သဖြင့် သတ်လိုက်သည်ဟု ဝန်ခံထားမှုကို အဆိုပါ ပျံ့နှံ့နေသော ရုပ်သံ၏ မှတ်ချက်များထဲ တွေ့ရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး MT News က KNU/KNLA နှင့် PDF အဖွဲ့များထံ ဖြစ်စဥ်ကျူးလွန်မှုအခြင်းအရာကို ဆက်သွယ်မေးမြန်းအတည်ပြုရန် ကြိုးပမ်းနေပြီး အသေးစိတ်သိရှိရပါက ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News