Myanmar Transparency News

မူဆယ်တွင် ပျောက်ဆုံးနေသည့် အသက် ၂၀ ခန့်အရွယ်အမျိုးသမီးငယ်ကို ၃ ရက်အကြာတွင် ရုပ်အလောင်းအဖြစ်သာ ပြန်တွေ့ရ

၁၅.၈.၂၀၂၅
Written By Zun

မူဆယ်တွင် ပျောက်ဆုံးနေသည့် အသက် ၂၀ ခန့်သာရှိသေးသည့် အမျိုးသမီးငယ်တစ်ဦးကို ၃ ရက် အကြာတွင် ရုပ်အလောင်းအဖြစ်သာ ပြန်တွေ့ခဲ့ရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်က ပျောက်ဆုံးနေသော အဆိုပါ အမျိုးသမီးငယ်ကို ဩဂုတ်လ ၁၁ ရက်က မူဆယ်မြို့၊ စက်မှုရပ်ကွက်လမ်းအဆင်းတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးလျက်အနေအထားဖြင့် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“(ကလေးမလေးက) အမေဆုံးသွားပြီ။ မောင်ညီမလေးတွေကို ကျောင်းထားနိုင်ဖို့ ကျောင်းထွက်အလုပ်လုပ်ပြီး အဘွားကို ကူညီနေတဲ့ကလေးလေးပါ။ အခုတော့အဘွားနဲ့ကျန်ခဲ့တဲ့ ကလေး(၃)ယောက်ရှေ့ဆက်ရမဲ့ခရီးအတွက် ရုန်းကန်ရတော့မှာပါ”ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ရေးသားထားသည်။

ယင်း သေဆုံးသူအမျိုးသမီးငယ်မှာ မူဆယ်မြို့၊ကောင်းမှုလွယ်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး ရုပ်အလောင်းတွေ့ချိန် သေဆုံးသည့်အ​ခြေအနေမှာ မတော်မတရားပြုကျင့်သတ်ဖြတ်ခံထားရသည့် အသွင်သဏ္ဍာန်မျိုးဖြစ်နေကြောင်း၊ သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးနေသော်လည်း မည်သည့်အတွက် သေဆုံးသည်ကို မသိရသေးကြောင်းလည်း သတင်းရင်းမြစ်များထံမှသိရသည်။

မူရင်းသတင်း — Myanmar Transparency News