Myanmar Transparency News

ကျိုင်းတုံအဝင် ပန်ကွဲတောင်အဆင်းတွင် ဓာတုဗေဒဆေးရည်တင်လာသော ၁၂ ဘီးကားဘရိတ်ပေါက်၍ အခြား ၁၂ ဘီးကားကို ဝင်တိုက်ကာမီးလောင်မှု​ဖြစ်ပွား၊ နှစ်ဦးပြင်းထန်ဒဏ်ရာရ

၂၂ .ဝ၈.၂ဝ၂၅
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ မိုင်တိုင်အမှတ် ၆၅၁၊ ကျိုင်းတုံအဝင် ပန်ကွဲတောင်အဆင်း၌ ယနေ့ သြဂုတ်လ ၂၂ရက် မွန်းလွဲ ၁နာရီ မိနစ် ၅၀ ခန့်က ဓာတု‌ဆေးရည်ပစ္စည်းများတင်ဆောင်လာသော ၁၂ ဘီးမော်တော်ယာဉ်က ဘရိတ်ပေါက်ကာ ရှေ့မှမောင်းနှင်လာသော ၁၂ ဘီးယာဥ်ကို ဝင်တိုက်၍ မီးလောင်မှုဖြစ်ပွားကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

မီးလောင်မှုကြောင့် အမျိုးသားနှစ်ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသားတစ်ဦးမှာ တစ်ကိုယ်လုံးနီးပါး မီးလောင်ဒဏ်ရာ ရရှိသဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။


ဒဏ်ရာရရှိသူနှစ်ဦးကို တိုင်းနေနာရေးကူညီမှုအသင်းမှ အသင်းဝင်များက ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ မိနစ် ၄၀ နီးပါးကြာမြင့်ခဲ့ပြီး ဓာတုဗေဒဆေးရည်တင်ဆောင်လာသော ကားမှာ တိမ်းမှောက်၍ တစ်စီးလုံးနီးပါး မီးလောင်ကျွမ်းခဲ့သည်။

ကားမီးလောင်မှုကို ကျိုင်းတုံခရိုင်မီးသတ်စခန်းနှင့်၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News