Myanmar Transparency News

အရက်မူးပြီး ကားမောင်းသည့် ထိုင်းနာမည်ကျော်မင်းသမီးက အရက်သေစာစစ်ဆေးမှုလက်မခံသည့်အပြင် ပါလာသည့်လုပ်ငန်းရှင်ကပါ စစ်ဆေးသူများ ဆဲရေးသဖြင့် နှစ်ဦးစလုံးကို ထိုင်းရဲက ဖမ်းဆီး အမှုဖွင့်

၂၄. ၈. ၂၀၂၅
Translated by Thettant

ထိုင်းနိုင်ငံ၏ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်သည့် ​ထိုင်း-ဂျာမန်မင်းသမီး မာရီဘရွန်နာသည် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့သို့ ကူးပြီးစအချိန် နံနက် ၃ နာရီ ၂၀ မိနစ်ခန့်တွင် ဘန်ကောက်မြို့၊ ဝမ်ထောင်လန်းခရိုင်၊ ပရာဒစ် မနုသမ်လမ်းရှိ ရဲစခန်းတစ်ခု၌ အရက်သေစာ စစ်ဆေးခြင်းခံယူရန် ငြင်းဆန်ခဲ့ပြီးနောက် လုပ်ငန်းရှင်တစ်ဦးနှင့် ဆက်နွှယ်သည့် သတင်းများပါ ထွက်ပေါ်လာခဲ့သည်။

မာရီဘရွန်နာသည် အရုဏ်မတက်မီအချိန်က ပေါ်ရှေးကားကို အမျိုးသားတစ်ဦးနှင့် မောင်းနှင်လာကာ သူမကို Alcohol Test စစ်ဆေးရန် ရဲတပ်ဖွဲ့က ကြိုးစားသည့်အဖြစ်အပျက်အတွင်း သူမနှင့်အတူပါလာသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူသည် ရဲအရာရှိတစ်ဦး၏ အထက်အရာရှိနှင့် ရင်းနှီးသည်ဟု ပြောဆိုခဲ့သည်။ ရဲအရာရှိများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရမည်ဟု အခိုင်အမာပြောဆိုသောအခါ လုပ်ငန်းရှင်သည် စိတ်ဆိုးပြီး ရဲအရာရှိများအား ဆဲဆိုခဲ့သည်။

​ထို့နောက် ရဲများက မာရီကို မူးယစ်မောင်းနှင်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ရဲအရာရှိများက သံသယရှိသူအား စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထိန်းသိမ်းနေချိန်တွင် လုပ်ငန်းရှင်သည် ဝင်ရောက်စွက်ဖက်ခဲ့သောကြောင့် ရဲများက ၎င်းကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။

လက်ရှိတွင် မာရီဘရွန်နာသည် မူးယစ်မောင်းနှင်မှု၊ လုပ်ငန်းရှင်သည် ရဲအရာရှိများကို စော်ကားမှုနှင့် တာဝန်ထမ်းဆောင်နေသော ရဲအရာရှိများကို ခုခံတားဆီးမှုတို့ဖြင့် တရားစွဲခံထားရသည်။

မာရီဘရွန်နာ (Marie Broenner) သည် ထိုင်းနိုင်ငံတွင် နာမည်ကြီးမင်းသမီးတစ်ဦး ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က ပရိသတ် မဲပေးမှုအရ လူကြိုက်အများဆုံး ထိုင်းမင်းသမီးတစ်ဦးအဖြစ်လည်း ရွေးချယ်ခံခဲ့ရဖူးကာ ​Mr. Hurt (၂၀၁၇) ၊ ​Revenge from the Past (၂၀၂၂)၊ ​Mia 2018 (၂၀၁၈)၊ ​Ching Ruk Rissaya (၂၀၁၇)၊ ​City of Light: The O.C. Thailand (၂၀၁၆) နှင့် ​Waew Mayura (၂၀၁၂) ​အစရှိသည့် ဇာတ်ကားနှင့် ဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Ref, Khaosod

မူရင်းသတင်း — Myanmar Transparency News