Myanmar Transparency News

တံတားတွင် ညပ်နေသော ဆိတ်ကို ဆင်းဖြုတ်ရာမှ ​ခုနစ်နှစ်အရွယ်ကလေးငယ် ရေနစ်သေဆုံးမှု မော်လမြိုင်တွင်ဖြစ်ပွား

၂၄.၈.၂၀၂၅
Written by KL

မွန်ပြည်နယ် ၊မော်လမြိုင်မြို့နယ်၊ သာယာအေးတူးမြောင်းတွင် တူးမြောင်းထဲကျကာ တံတားကြား ညပ်နေသောဆိတ်တစ်ကောင်ကို ဆင်းဖြုတ်သည့် အသက် ခုနစ်နှစ်အရွယ်ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသည့် ကလေးငယ်မှာ သာယာအေးရပ်ကွက်၊လှိုင်စပါယ်လမ်းတွင် နေထိုင်သော မောင်သန်းမင်းဦးဖြစ်ပြီး သြဂုတ်လ ၂၃ ရက်ညနေပိုင်းက ဆိတ်ကျောင်းနေစဥ် ​ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။ ယနေ့ ​သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်း၊လှိုင်ရတနာမြို့သစ်စီမံကိန်းဘက်တွင် ရေနစ်သေဆုံးသည့် ကလေးငယ်၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

ကလေးငယ်ရေနစ်ပျောက်ဆုံးမှု ဖြစ်ပွားပြီးနောက် ညတွင်းချင်းပင် ရေငုပ်ကျွမ်းကျင်သူ ဦးပါကြီးနှင့်ကျန်းမာချမ်းသာ Rescue အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက တူးမြောင်းတစ်လျှောက်လိုက်ရှာခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ရေစီးတအားသန်တော့ ကလေးက တူးမြောင်းထဲပြုတ်ကျ ရေနစ်ပြီး တူးမြောင်းတစ်လျှောက်ကနေ အဲဒီဘက်ခြမ်းထိတောင် မျောပါသွားခဲ့တာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေနစ်သေဆုံးသူကလေးငယ်၏ ရုပ်အလောင်းကို ဖေးမကူညီ လူမှုကူညီ​ရေးအဖွဲ့မှ အဖွဲ့ဝင်များက မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News