Myanmar Transparency News

လျှပ်စစ်ပလပ်ခုံအပူလွန်ကဲရာမှ အမျိုးသားကြီးတစ်ဦးမီးလောင်သေဆုံးမှု မြစ်ကြီးနားတွင် ဖြစ်ပွား

၂၆.၈.၂၀၂၅
Written by KL

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်တွင် ယနေ့ သြဂုတ်လ ၂၆ ရက် နံနက် ၂ နာရီ မိနစ် ၄၀ ခန့်က မီးပလပ်ခုံအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ အမျိုးသားကြီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ သွပ်မိုးအုတ်ညှပ် တစ်ထပ်နေအိမ်တွင် ငှားရမ်းကာ စားသောက်ကုန်ပစ္စည်းများ သိုလှောင်ထားစဥ် လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲ၍ အနီးတွင်ရှိသော ခေါက်ဆွဲဖာများသို့ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိနစ် ၄၀ နီးပါးကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် အိမ်ငှားဖြစ်သူ အသက် ၅၆ နှစ်အရွယ် အမျိုးသားကြီးမှာ မီးလောင်သေဆုံးခဲ့ပြီး နေအိမ်တစ်လုံးနှင့်စားသောက်ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“အိမ်ငှား အမျိုးသားက အိမ်အပေါက်ဝနားမှာပဲ မီးလောင်သေဆုံးခဲ့တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် သုံးစီး၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ မိနစ်၂၀ ခန့်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်၍ သေဆုံးသူ အိမ်ငှားအမျိုးသားကြီးကို မြစ်ကြီးနားနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News