Myanmar Transparency News

ရွေးကောက်ပွဲ မဲရမည်မဟုတ်ကြောင်း ညစ်ညမ်းစွာ ဆဲရေးပို့စ်တင်သူတစ်ယောက် ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေသစ်နဲ့ စျေးဦးပေါက်

နေမိုး
၂၆. ၈. ၂၀၂၅

လာမယ့် ၂၀၂၅ ရွေးကောက်ပွဲ မဲရမှာမဟုတ်ကြောင်း ညစ်ညမ်းစွာဆဲရေးပြီး ပို့စ်တင်သူကို မကြာသေးခင်ကမှ ပြဋ္ဌာန်းခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဒီဖြစ်စဥ်မှာဆို ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်ညနေက လားရှိုးမြို့၊ ရပ်ကွက် (၅) တရုတ်ဘုံကျောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ လမ်းဘေးချရပ်ထားတဲ့ ကားတစ်စီးပေါ်က အမျိုးသမီးကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသား နှစ်ယောက်က ကားပေါ်က ဆွဲချပြီး ကားလုယက်သွားသလို အဲဒီ အမျိုးသမီးရဲ့ ခြေထောက်ကိုလည်း ပစ္စတို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့တဲ့အကြောင်း November Kyuu အကောင့်ကတင်ထားတာကို “Larshio Baegyi” ဆိုတဲ့အကောင့်ကနေ လာမယ့်ရွေးကောက်ပွဲ မဲရဖို့ မမျှော်လင့်နဲ့ဆိုတဲ့အကြောင်း ရင့်သီးရိုင်းစိုင်းလှတဲ့အသုံးအနှုန်းတွေနဲ့ မျှဝေခဲ့တာက စခဲ့တာပါ။

ဒါကြောင့်မို့လို့ “Lashio Baegyi” Facebook Account ကို တာဝန်ရှိသူတွေက ရှာဖွေစစ်ဆေးခဲ့ရာမှာ တောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ ရပ်ကွက်(၁)၊ အမှတ်(၄၄/၅၇)နေ နေသွေး ၃၆ နှစ်ကို တွေ့ရှိရပြီး သူကိုင်ဆောင်တဲ့ Xiaomi Civi-1 အမျိုးအစားဖုန်းကို ဆက်လက်စစ်ဆေးခဲ့ရာမှာ “Lashio Baegyi” Facebook Account ဖွင့်လှစ်ထားတာတွေ့ရတာကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပျက်ပြားစေဖို့ လူမှုကွန်ရက်မှာ ရေးသားဖြန့်ဝေထားမှုအရ အေးသာယာနယ်‌မြေရဲစခန်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ – ၂၃(က) နဲ့ အရေးယူထားတာလို့ သိရပါတယ်။

“သူက ဆိုင်ကယ်အဟောင်း ဝယ်ရောင်းလုပ်တာ။ ပို့စ်တင်တာက ဆဲတာလည်းရင့်သီး၊ သူကလည်း လိပ်စာကြီးကို ပရိုဖိုင်းတင်ထား၊ သူဆဲတာကလည်း Screenshot တွေနဲ့ တော်တော်များပျံ့ကုန်တော့ အဖမ်းခံရတာပေါ့။ သူ့တခြားအကောင့်တွေမှာတောင် အဲဒီပို့စ်ကြောင့် သူ့ကို အမှူဖွင့်ခိုင်းတာ သိတဲ့အကြောင်းတွေ ရေးထားတယ်”လို့ ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၃(က) ဟာ အဲဒီဥပဒေပုဒ်မ ၁၆ ပါ တားမြစ်ချက်ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ် ဒါမှမဟုတ် လုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသကို ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ စာရေးသားဖြန့်ချိတာတွေ မလုပ်ဖို့ တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ထောင် ၃ နှစ်ကနေ အများဆုံး ထောင် ၇ နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

အခုလို “Lashio Baegyi” အကောင့်ပိုင်ရှင် နေသွေးကို ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အမှုဖွင့်တာဟာ ဇူလိုင် ၂၉ ရက်နေ့က ဥပဒေအတည်ပြုပြဌာန်းပြီး တစ်လမပြည့်ခင် ပထမဆုံးဖွင့်လှစ်တဲ့​အမှု ဖြစ်တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News