Myanmar Transparency News

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဦးခေါင်းနောက်စေ့ ပွင့်နေတဲ့ ဒဏ်ရာနဲ့ လမ်းဘေးမှာ သေဆုံးနေ

၃၁.၈.၂၀၂၅
Written by Thiri

အသက်လေးဆယ်ခန့်အရွယ်အမျိုးသားတစ်ဦး ဦး‌ခေါင်း နောက်စေ့ပွင့်တဲ့ ဒဏ်ရာနဲ့ လမ်းဘေးလဲကျသေဆုံးနေတဲ့ ဖြစ်စဉ် မနေ့က ဩဂုတ်လ ၃၀ ရက်နေ့ ည သန်းခေါင်အချိန်က ‌ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံလူမှုကူညီရေးအသင်းက သွားရောက် ရုပ်အလောင်းကောက်ယူခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၁၆) ရပ်ကွက်၊ မောင်းမကန်လမ်း၊ ရထားသံလမ်းအနီးမှာ ဦးခေါင်းနောက်စေ့ပွင့်ပြီး သေဆုံးနေတဲ့ အမည်မသိ အမျိုးသားတစ်ဦးရဲ့  ရုပ်အလောင်း‌ တွေ့ရှိတာကြောင့် တာဝန်သိပြည်သူတွေက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီး၊ သက်ဆိုင်ရာက မြောက်ဒဂုံအခြေစိုက် ဝန်းရံမှူး လူမှူကူညီရေးအသင်းကို ဆက်သွယ်ခေါ်ယူကာ ရုပ်အလောင်း သယ်ယူဖို့ ညွှန်ကြားခဲ့တာ‌ကြောင့် သွားရောက်ကူညီ သယ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ 

အ‌လောင်းမှာ နောက်စေ့ပွင့်တဲ့ ဒဏ်ရာအတော်ကြီးမားတာ‌ကြောင့် ချော်လဲကျတာ မဖြစ်နိုင်သလို၊ ယာဉ်တိုက်ခံရတယ်လို့ ယူဆဖို့ကလည်း အဆိုပါဒဏ်ရာအပြင် အခြားဒဏ်ရာမတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက MT News ကို ပြောပါတယ်။

အဆိုပါ အမျိုးသားရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံဆီ ဝန်းရံမှူး လူမှုကူညီရေးအသင်းက ပို့ဆောင် ပေးခဲ့ပြီး သေဆုံးသူရဲ့ မိသားစု၊ မိတ်ဆွေတွေ မြင်သိ ဆက်သွယ်နိုင်အောင်လည်း အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၂၇ ရပ်ကွက်၊ ပင်လုံအိမ်ရာ အပိုင်း(၄) ရေနုတ်မြောင်းကျယ်ထဲမှာ ပုပ်စပြုနေတဲ့ လူသေအမျိုးသားအလောင်း ရေထဲက တွေ့ရှိဆယ်ယူခဲ့ရပြီး ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းကပဲ အဲဒီရုပ်အလောင်းကို ဆယ်ယူကာ မြောက်ဥက္ကလာဆေးရုံရင်ခွဲရုံဆီ ပို့ဆောင်ကူညီပေးခဲ့ရတဲ့ အဖြစ်လည်းဖြစ်ခဲ့ပါသေးတယ်။

မူရင်းသတင်း — Myanmar Transparency News