Myanmar Transparency News

အကြမ်းဖက်အဖွဲ့နှင့်မတရားအသင်းကြေညာခံထားရသော KNU အဖွဲ့ဝင်က မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံသို့ ပွဲစားခယူ၍တရားမဝင်ပို့ဆောင်

◾ KNU က တရားမဝင် လူကုန်ကူးပို့ဆောင်ခံရသူ မြန်မာနိုင်ငံသား ၂၀ ကျော် ထိုင်းရဲ ဖမ်းဆီးခံရ

၃၁.၈.၂၀၂၅
Written By Zun

အကြမ်းဖက်အဖွဲ့နှင့်မတရားအသင်းကြေညာခံထားရသော KNU အဖွဲ့ဝင်က မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံသို့ ပွဲစားခယူ၍ တရားမဝင်ပို့ဆောင်ခဲ့ပြီး ယင်းပို့ဆောင်ခံရသူ မြန်မာနိုင်ငံသား ၂၁ ဦးလည်း ထိုင်းရဲ ဖမ်းဆီးခံထားရကြောင်း ဒေသတွင်း သတင်းများအရသိရသည်။

ယမန်နေ့ ဩဂုတ်လ ၃၀ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ ကန်ချဘူရီခရိုင်၊ ဒန်မခမ်တိယာ့မြို့နယ်၊ အမှတ်(၁၀)၊ ကလွန်ဒိုကျေးရွာဘက်သို့ တရားမဝင် မြန်မာလုပ်သားများ ဝင်ရောက်လာကြောင်း သတင်းအရ ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးအဖွဲ့က ပစ်ကပ်ကား (၃) စီး မောင်းနှင်လာသည်ကို သံသယဖြစ်သောကြောင့် စစ်ဆေးရန် တားဆီးရာ ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် နောက်ကလိုက်ပါ ဖမ်းဆီးခဲ့ရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ယင်းသို့ဖမ်းဆီးရာ ပစ်ကပ်ကား (၂) စီးပေါ် တွင် တရားမဝင် မြန်မာလုပ်သား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း (၂၁) ဦးနှင့် ကားသမားဖြစ်သည့် လူကုန်ကူးသူ KNU တပ်သား ဖူလီ အသက် ၃၂ နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ကျန် ကား (၁) စီးနှင့် ကားသမား (၁) ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အဖမ်းခံရသူများမှာ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရန် ရန်ကုန်မြို့မှ လာခဲ့ကြသူများဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ စီပေးချေခဲ့ရကြောင်း စစ်ဆေးဖော်ထုတ်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ရေးသားကြသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် တရားမဝင်ပို့ဆောင် လူကုန်ကူးသူမှာ အသက် ၃၂ နှစ်အရွယ် KNU တပ်သား ဖူလီ ဆိုသူဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ပို့ဆောင်သူ အပါအဝင် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရ အရေးယူရန် သက် ဆိုင်ရာ နယ်မြေရဲစခန်းသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News