Myanmar Transparency News

တနိုင်းမြို့မှ သုံးရက်ကြာ ပျောက်ဆုံးနေသည့် ဆယ်တန်းကျောင်းသားကို ယနေ့ သေဆုံးလျက်သား ပြန်တွေ့

၂.၉.၂၀၂၅
Written By Zun

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် သုံးရက်ကြာ ပျောက်ဆုံးနေသည့် ဆယ်တန်းကျောင်းသားကို ယနေ့ သေဆုံးလျက်သား ပြန်တွေ့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၃၁)ရက်က သူငယ်ချင်းများနှင့် ဘောလုံးကန်ရန်ထွက်သွားခဲ့ပြီးနောက် နေအိမ်ပြန်မလာ ဘဲ ပျောက်ဆုံးနေသော တနိုင်းမြို့နေ အဆိုပါ ဆယ်တန်းကျောင်းသားကို ယနေ့ သေဆုံးလျက် တွေ့ရှိခဲ့ရခြင်းလည်း ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်က တနိုင်းချောင်းအတွင်း ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သတင်းအရ လူမှုကူညီရေးအဖွဲ့များက သွားရောက်ကြည့်ရှုရာ အဆိုပါ ရုပ်အလောင်းမှာ သုံးရက်ကြာ ပျောက်ဆုံးနေသည့် ဆယ်တန်း ကျောင်းသားဖြစ်နေကြောင်း သိရသည်။

သေဆုံးသူ ဆယ်တန်းကျောင်းသားမှာ အသက် (၁၆)နှစ်ခန့်အရွယ် မောင်ဆင်ဝါးနော် ဆိုသူဖြစ်ပြီး တနိုင်းချောင်း၊ တံတားအောက်ရှိ လှေများကြားတွင် သေဆုံးရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းရုပ်အလောင်းကို လူမှုကူညီရေးအသင်းများက သေဆုံးသူ၏ မိသားစုများထံ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News