Myanmar Transparency News

ဖခင်နဲ့ ဦးလေး ရန်ဖြစ်တာကို ဝင်ဆွဲရင်း ‌ဆယ်ကျော်သက် ကျောင်းသားငယ် ဓားဒဏ်ရာရကာ သေဆုံး

၅.၉.၂၀၂၅
Written by Hey Mar

ဖခင်နဲ့ ဦးလေး စကားများရန်ဖြစ်နေတာကို ဝင်ရောက်ဖျန်ဖြေတဲ့ အလယ်တန်းကျောင်းသား ဆယ်ကျော်သက်လူငယ် ကြားကနေ ဓားထိုးခံရကာ သေဆုံးခဲ့ရတဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၄ ရက်နေ့ ညနေ သုံးနာရီကျော်အချိန်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတချို့ထံကနေ သိရပါတယ်။

ဓားထိုးခံရတဲ့ လူငယ်က အသက် ၁၆ နှစ်အရွယ် အဋ္ဌမတန်းတက်ရောက်နေတဲ့ ကျောင်းသားဖြစ်ပြီး ကျောင်းက‌နေပြန်လာချိန် ဦးလေးနဲ့ ဖခင် ရန်ဖြစ်ရာမှာ ဦးလေးက ဖခင်ကို ဓားနဲ့ထိုးတာကို ဝင်ဆွဲရာက သူ့ကို ထိုးမိကာ တိုက်နယ်ဆေးရုံဆီ ပို့ဆောင်ကုသပေမယ့် ဆေးရုံက မန္တလေးဆေးရုံကြီးဆီ ထပ်မံလွှဲတာကြောင့် တင်ပို့ ကုသရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူငယ်ရဲ့ ရုပ်အလောင်းကို ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ မြရည်နန္ဒာလူမှုကူညီရေးအသင်းက ယာဉ်နဲ့ သေဆုံးသူရဲ့နေရပ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News