Myanmar Transparency News

ဝိုင်းမော်မြို့နယ်တွင် တစ်နေ့တည်း အလောင်းနှစ်ခု တွေ့ရှိ၊ တစ်ဦးမှာ မူးယစ်ဆေးကြောင့် သေဆုံးခြင်းဖြစ်ပြီး ကျန်တစ်ဦးက ပိုင်ရှင်မပေါ်

၅.၉.၂၀၂၅
Written By Zun

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ (၄)ရက်က တစ်နေ့တည်း သေဆုံးရုပ်အလောင်း နှစ်ခု တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သေဆုံးနေသည့် ရုပ်အလောင်းများမှာအမျိုးသားများဖြစ်ပြီး သေဆုံးလျက် နေရာတစ်ခုစီတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရုပ်အလောင်းတစ်ခုကို နောင်တာလောကျေးရွာ၊ နန့်မြင်းချောင်းအတွင်း တွေ့ရှိကာ ကျန်ရုပ်အလောင်းကို ခါ့တန်ရပ်ကွက်အတွင်း တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

နန့်မြင်းချောင်းအတွင်း သေဆုံးနေသူမှာ လွန်ခဲ့သည့် ၃ ရက်ခန့်ကပင် သေဆုံးနေခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက် ချထားပြီး ကျန် ရုပ်အလောင်းမှာ ယမန်နေ့က သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက် ချထားကြောင်း သိရသည်။

နန့်မြင်းချောင်းအတွင်း သေဆုံးသူ အမျိုးသားမှာ အသက် (၄၅)နှစ်ခန့်အရွယ် ရှိပြီး ကျန်တစ်ဦးမှာ ဝိုင်းမော် ရပ်ကွက်(၅) တွင်နေထိုင်သူ အသက်(၂၉)နှစ်အရွယ် ကိုလာမြာဝူ ဆိုသူဖြစ်ကြောင်း သိရသည်။

“ဒီဘက်မှာက မူးယစ်ဆေးက ပေါတာလေ။ရပ်ကွက်ထဲကတစ်ယောက်က အဲဒါကြောင့် သေတာလို့ပဲ ပြောနေကြတယ်။ တခြားဒဏ်ရာမတွေ့ဘူးလေ။ ကျန်တစ်ယောက်က ဘယ်သူမှန်း မသိကြဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

မူရင်းသတင်း — Myanmar Transparency News