Myanmar Transparency News

စစ်တပ်သတင်းပေးဟု စွပ်စွဲကာ ဖလန်ပင်ရွာနေ အမျိုးသားတစ်ဦးကို ကြို့ပင်ကောက် PDF သတ်ဖြတ်

နေမိုး
၇. ၉. ၂၀၂၅

စစ်တပ်သတင်းပေးဟု စွပ်စွဲကာ ဖလန်ပင်ရွာနေ အမျိုးသားတစ်ဦးကို ကြို့ပင်ကောက် PDF သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သော သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) အဖွဲ့က ယခု ဝန်ခံသည်။

ကျူးလွန်မှု ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဖလန်ပင်အုပ်စု၊ ဖလန်ပင်ရွာနေ ဦးမြင့်ရွှေအား စစ်တပ်သတင်းပေးဟုဆိုကာ စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ပစ်ခတ်သတ်ဖြတ်လိုက်ကြသည်ဟု ဝန်ခံထားသည်။

ဦးမြင့်ရွှေသည် PDF များ၏ သွားလာလှုပ်ရှားမှုများအား သတင်းပေးခြင်း၊ ဘယ်တော်လှန်ရေးအဖွဲ့လာလာ ဂရုမစိုက်ဘူးဟုဆိုကာ စိန်ခေါ်ခြင်း၊ လူငယ်များအား စစ်တပ်ထဲသို့ လိမ်လည်ထည့်ကာ ရောင်းစားခြင်းများ လုပ်ဆောင်နေကြောင်း ပြည်သူများ တိုင်ကြားလာသောကြောင့် စိစစ်အတည်ပြုကာ အရေးယူခဲ့ခြင်း ဖြစ်သည်​ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က အကြောင်းပြချက်ပေးသော်လည်း ထို စွပ်စွဲချက်များ မှန်မမှန် ​သက်သေပြနိုင်ခြင်းလည်း မရှိချေ။

ပဲခူးတိုင်းမှ PDF များသည် လက်နက်မဲ့နိုင်ငံ့ဝန်ထမ်းများကို အများဆုံးသတ်ဖြတ်နေသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို ဖမ်းဆီးနှိမ်နင်းနိုင်မှု နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News