Myanmar Transparency News

ဘုရားသုံးဆူဘက်ကတစ်ဆင့် ထိုင်းနိုင်ငံအတွင်း ခိုးဝင်သည့် အထောက်အထားမဲ့ မြန်မာ ၇၅ ဦး အဖမ်းခံရမှု ယနေ့ ဖြစ်ပွား

၈.၉.၂၀၂၅
Written By Zun

ဘုရားသုံးဆူဘက်ကတစ်ဆင့် ထိုင်းနိုင်ငံအတွင်း ခိုးဝင်သည့် အထောက်အထားမဲ့ မြန်မာ ၇၅ ဦး အဖမ်းခံရမှု ယနေ့ စက်တင်ဘာလ ၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ယနေ့ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံ၊ ဘုရားသုံးဆူဘက်ကတစ်ဆင့် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရိမြို့နယ်အတွင်းခိုးဝင်လာသည့် မြန်မာနိုင်ငံသားများကို ကန်ချနဘူရီ-ဘော်ဖလွယ်လမ်းပိုင်းရှိ တောစပ် တစ်နေရာတွင် ရောက်ရှိနေကြောင်း ဒေသခံများက သတင်းပေးပို့ခဲ့သောကြောင့် ထိုင်းရဲတပ်ဖွဲ့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၂၃ ဦးကို တွေ့ရှိ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် ပစ်ကပ်ကား ၃ စီးက မိုးသည်းထန်စွာ ရွာသွန်းနေချိန် အဆိုပါနေရာသို့ မောင်းနှင်လာရာ ထိုင်းရဲတပ်ဖွဲ့ကို မြင်သည့်အတွက် မောင်းနှင်ထွက်ပြေးသွားကြကြောင်းလည်း ဒေသတွင်း သတင်းများအရ သိရသည်။

အဖမ်းခံရသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန် လာရောက်ကြခြင်းဖြစ်ပြီး တစ်ဦးလျင် ပွဲစားခ ထိုင်းဘတ် အနည်းဆုံး၂၀၀၀၀ နှင့် အများဆုံး ၃၀၀၀၀ ထိပေးချေခဲ့ရကြောင်း၊ ယခုအခါ ကန်ချနဘူရီရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူပြီးနောက် နယ်စပ်ကတစ်ဆင့် မြန်မာနိုင်ငံသို့ နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News