Myanmar Transparency News

စစ်ကိုင်း၊ မင်းကွန်းဒေသမှ Black Arrow PDF အဖွဲ့က အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာ ကျပ်သိန်း ၅၀၀၀ ထက်မနည်းသောငွေဖြင့် ရွေးယူခိုင်းနေမှုဖြစ်ပွားနေသည်ဟု Local PDF အဖွဲ့ UGF ဖော်ထုတ်၊ NUG က ကိုယ့် PDF ကိုယ် မထိန်းသိမ်းပါက UGF က အရေးယူမည်ဟုပါ သတိပေး

နေမိုး
၈. ၉. ၂၀၂၅

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ဝါးချက်ကျေးရွာနှင့် ပယ်ငါးဆယ်ကျေးရွာတို့မှ အပြစ်မဲ့ပြည်သူများကို NUG ဩဇာခံ Black Arrow PDF အဖွဲ့က ဖမ်းဆီးကာ ကျပ်သိန်း ၅၀၀၀ ထက်မနည်းသည့်ငွေဖြင့် ရွေးယူနေရမှု ဖြစ်ပွားနေသည်ဟု Local PDF အဖွဲ့ဖြစ်သော ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF က ဖော်ထုတ်လာသည်။

Black Arrow PDF အဖွဲ့က မင်းကွန်းဒေသ၊ ဝါးချက်ကျေးရွာနှင့် ပယ်ငါးဆယ်ကျေးရွာတို့မှ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ ပြန်ရွေးငွေတောင်းခံရာတွင် ကျပ်သိန်းသောင်းချီ တောင်းခံနေပြီး ထိုငွေများကို ညှိနှိုင်းကာ ကျပ်သိန်း ၅၀၀၀ ထက် မနည်းသော ငွေဖြင့် ရွေးယူခဲ့ရသည်ဟုလည်း UGF က ပြောသည်။

“စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ ဝါးချက်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ခံပြီး ပြန်ပေးဆွဲငွေညှစ်မှုများ လေးခါထက်မနည်း ဖြစ်ပေါ်နေပြီး ထိမ်းသိမ်းအရေးယူခြင်းမရှိပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့ များ၏ ဂုဏ်သိက္ခာကိုထိခိုက်နိုင်ကြောင်း ဒေသခံများက ကျွန်တော်တို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ထံ တိုင်ကြားလာသည်။ Black Arrow အမည်ခံ အဆိုပါ PDF အဖွဲ့သည် ဝါးချက်ကျေးရွာမှ ကိုလွှမ်းမိုးအောင်နှင့် ကိုဇော်ဦး၊ ပယ်ငါးဆယ်ကျေးရွာမှ ကိုသန်းထိုက်အောင်တို့စီမှ စုစုပေါင်းငွေကျပ် သိန်းငါးထောင် ထက်မနည်းကို ရယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်းသိရသည် (တောင်းငွေ သိန်းပေါင်း သောင်းဂဏာန်းအထိရှိ)”ဟု UGF က ဖော်ထုတ်သည်။

ထို့အပြင် ပယ်ငါးဆယ်ကျေးရွာရှိ ပြည်သူစျေးဆိုင်တစ်ဆိုင်မှ AD Van ကားတစ်စီးနှင့် ကလစ်ဆိုင်ကယ်တစ်စီးကို သိမ်းယူကာ၊ အမျိုးသမီးတစ်ဦးကိုလည်း အကြောင်းမဲ့ ပစ်သတ်ခဲ့သေးသည့်အပြင် သိမ်းယူကားနှင့် ဆိုင်ကယ်ကို ငွေကျပ် သိန်း ၅၀၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ကြောင်းနှင့် အခြားမသိရှိရသေးသော အမှုပေါင်းများစွာကို ကျူးလွန်ထားကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်ဟုလည်း UGF က ဖော်ထုတ်သည်။

ဝါးချက်နှင့် ပယ်ငါးဆယ်ကျေးရွာတို့သည် PDF များက စိုးမိုးရန်ကြိုးစားနေသော ဒေသများဖြစ်သည့်အလျောက် ပြည်သူကို မိမိဘက်ပါအောင် စည်းရုံးသိမ်းသွင်းရမည့် ဒေသများဖြစ်သဖြင့် ပြန်ပေးဆွဲ၊ ငွေကြေးတောင်းနေသော PDF များကို NUG/MOD အနေဖြင့် အချိန်မီထိန်းသိမ်းနိုင်ခြင်း မရှိပါက ဂုဏ်သိက္ခာ လွန်စွာထိခိုက်နိုင်သလို NUG အရေးယူခြင်းမရှိပါက မင်းကွန်းဒေသမှ Local တပ်ဖွဲ့ဖြစ်သည့် UGF တပ်ဖွဲ့က နယ်မြေထိန်းသိမ်းသည့်အနေဖြင့် တာဝန်သိစွာ ဖြစ်နိုင်သမျှနည်းဖြင့် အရေးယူသွားမည်ဟုလည်း UGF အဖွဲ့က NUG ကို သတိပေးထားသည်။

မူရင်းသတင်း — Myanmar Transparency News