Myanmar Transparency News

ဂက်စ်အိုးပိုက်ပေါက်၍ လက်ဖက်ရည်ဆိုင်မီးလောင်မှု ရွှေပြည်သာတွင် ယနေ့ဖြစ်ပွား

၁၀.၉.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊အမှတ် (၅)ရပ်ကွက်၊ ပတ္တမြားလမ်းတွင် ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက် ၆ နာရီခန့်က ကောင်းထက်မင်း လက်ဖက်ရည်ဆိုင်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

သွပ်မိုး၊ ပျဥ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ်ရှိ မြေညီထပ်တွင် ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်၌ ဂက်စ်မီးဖိုဖြင့် အကြော်ကြော်စဥ် ဂက်စ်အိုးမှ ပိုက်ပေါက်၍ အနီးရှိ ပျဥ်အကာသို့ မီးကူးရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အတွင်းပစ္စည်းနှင့်အဝတ်အထည်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်တာက သိပ်မကြာလိုက်ဘူး။ လူထိခိုက်မှုလည်း မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

မီးလောင်မှုမှာ မိနစ်၂၀ ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၂၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

လက်ဖက်ရည်ဆိုင်မီးလောင်မှုကြောင့် အသက် ၄၀ အရွယ် ဆိုင်ရှင်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ရွှေပြည်သာမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News