Myanmar Transparency News

ဖျာပုံ – ဒလ ပြေးဆွဲတဲ့ ခရီးသည်တင်‌ မော်တော်ယာဉ်နဲ့ မိသားစုသုံးဦး စီးနင်းလာတဲ့ဆိုင်ကယ် တိုက်မိ၊ အမေဖြစ်သူ နေရာတင်သေဆုံးကာ ဖခင်နဲ့ သမီးမှာ ပြင်းထန်ဒဏ်ရာရ

၁၄.၉.၂၀၂၅
Written by Hey Mar

ဖျာပုံ – ဒလ ပြေးဆွဲတဲ့ ခရီးသည်တင်‌ မော်တော်ယာဉ်နဲ့ မိသားစုသုံးဦး စီးနင်းလာတဲ့ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်‌ပေါ်ပါ အမျိုးသမီးသေဆုံးကာ ခင်ပွန်းနဲ့ သမီးဖြစ်သူတို့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာ ၁၃ ရက်ည ၇ နာရီကျော်အချိန်က ဖျာပုံမြို့၊ ချောင်းတွင်းကြီးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က စက်တင်ဘာ ၁၃ ရက်  ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ချောင်းတွင်းလမ်းမကြီး  ပီတိသုခ ဆေးဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာတင် သေဆုံးသူအမျိုးသမီးမှာ ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာမှာ နေထိုင်သူ  အသက် (၃၀)နှစ်အရွယ် မခင်လေးလို့ သိရပါတယ်။

“ဆိုင်ကယ်က ကလေး ကျောင်းကြိုလာတယ်ထင်ပါတယ်။ လွယ်အိတ်တွေရော၊ ထမင်းချိုင့်တွေရော။ ဆိုင်ကယ်က သလိတ်ရွာဘက်သွားဖို့ ဖြတ်အတက်မှာ ပိုင်ဧရာက ဘယ်လို တိုက်သွားသလဲတော့ မသိဘူး။ သားမိသားဖသုံး‌ယောက်မှာ ကလေးနဲ့ အဖေတော့ အသက်ရှင်တယ်။ ကျွန်တော်တို့ အသင်းက ဆေးရုံပို့ပေးခဲ့ပါတယ်။ အမေကတော့ နေရာတင်ဆုံးတာပါ” လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကရုဏာရှင် လူမှုကူညီရေးအသင်း (ဖျာပုံ) မှ တာဝန်ရှိသူက ‌MT News ကို ပြောပါတယ်။

အဆိုပါ ဆိုင်ကယ်ကို တိုက်မိတဲ့ ပိုင်ဧရာခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိန်းသိမ်းခေါ်ဆောင်သွားပြီး သေဆုံးသူနဲ့  ဒဏ်ရာရရှိသူတွေကို ဖျာပုံမြို့ပေါ်ရှိ ကရုဏာရှင် လူမှုကူညီရေးအသင်း(ဖျာပုံ)၊ ပဲ့တင်သံ ပရဟိတအသင်း (ဖျာပုံ) နဲ့ ရွှေညီကို လူမှုကူညီရေးအသင်း (ဖျာပုံ)တို့က ဖျာပုံပြည်သူဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News