Myanmar Transparency News

ဆောက်လက်စ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေကျင်းပြိုရာက လုပ်သားနှစ်ဦး မြေပုံပိ သေဆုံး

၁၄.၉.၂၀၂၅
Written by Hey Mar

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြေကျင်းပြိုကျလို့ လုပ်သားနှစ်ဦး မြေပုံပိကာ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ‌ ရောက်ရှိခဲ့တဲ့ ရွှေအဏ္ဏဝါ ပရဟိတ လူငယ်အဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဘဝကျွန်းအတွင်းရှိ ဆောက်လက်စ မြေနေရာမှာ မြေပြိုပြီး ဆောက်လုပ်ရေး လုပ်သားနှစ်ဦး မြေပုံထဲသို့ရောက်ရှိနေကြောင်း သတင်းအရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့တို့က သွားရောက်ကူညီ ကယ်ဆယ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာက အရင်က အမှိုက်ကွင်းကြီးဖြစ်ပြီး ဘာမှမလုပ်ဘဲပစ်ထားတာ ဆယ်စုနှစ်ခန့်ရှိတဲ့ နေရာလို့သိရပါတယ်။

ရွှေအဏ္ဏဝါ ပရဟိတ လူငယ်အဖွဲ့မှ တာဝန်ရှိသူက “သေဆုံးသူတွေက တစ်ဦးက နှစ်ဆယ်ဝန်းကျင်၊တစ်ဦးက သုံးဆယ်ဝန်းကျင်လောက်လို့တော့ အသက်ခန့်မှန်းရတယ်။ အညာဘက်ကနေ ဒီမှာလာလုပ်ကြတာ။ ဒေသခံတွေတော့ မဟုတ်ဘူး” လို့ MT Newsက ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ၂ မိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံဆီ ရွှေအဏ္ဏဝါ ပရဟိတ လူငယ်အဖွဲ့ နဲ့ အေးရိပ်ငြိမ်း လူမှုကူညီ‌ရေး အသင်းတို့မှ ယာဉ်တွေနဲ့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News