Myanmar Transparency News

အဖွဲ့လိုက်ဆိုင်ကယ်စီးတဲ့အဖွဲ့ထဲက ဆိုင်ကယ်မောင်းနှင်သူတစ်ဦး ၂၂ ဘီးကားနဲ့ တိုက်မိလို့သေဆုံး

၁၄.၉ .၂၀၂၅
Written by Hey Mar

ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ဆိုင်ကယ်နဲ့ ၂၂ ဘီးကားတိုက်မိလို့ ဆိုင်ကယ်စီးလူငယ် ပြင်းထန်ဒဏ်ရာတွေရရှိကာ ပြင်ဦးလွင်ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေစဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ပြင်ဦးလွင်အခြေစိုက် သန္တိသုခ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
‌‌
သေဆုံးသူက မန္တလေးကနေ ပြင်ဦးလွင်ကို ဆိုင်ကယ်နဲ့တက်လာတဲ့ ဆိုင်ကယ်စီးအဖွဲ့ထဲက အသက် ၂၂ နှစ်အရွယ် လူငယ်လို့ သိရပြီး ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းရဲ့ ထင်းရှူးတောနားမှာမိုးရွာနေစဉ် အရှိန်ပြင်းစွာ မောင်းနှင်ရာက တိမ်းမှောက်ပြီး ၂၂ ဘီးကားအောက် ရောက်ရှိတိုက်မိခဲ့တာလို့ သိရပါတယ်။

အဆိုပါ လူငယ်ကို သန္တိသုခလူမှုကူညီရေးအသင်းက ပြင်ဦးလွင်ဆေးရုံကြီးဆီ ကုသမှုခံယူနိုင်ဖို့ ပို့ဆောင်ပေးခဲ့ပေမယ့် ကုသနေစဉ် သေဆုံးသွားခဲ့တာ‌ကြောင့် အသင်းကပဲ မန္တလေးရှိ သေဆုံးသူလူငယ်ရဲ့နေအိမ်ကို ကူညီပို့ဆောင်ပေးမယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News