Myanmar Transparency News

ကော်သေနတ်ဖြင့် ဓားပြတိုက်သူ ချော်လဲကျရာမှ ဝိုင်းဝန်းဖမ်းဆီးခံရမှု ပင်းတယတွင် ဖြစ်ပွား

၁၄.၉.၂၀၂၅
Written By Min Thet

ကော်သေနတ်ဖြင့် ဓားပြတိုက်သူ ချော်လဲကျစဉ် ဝိုင်းအဖမ်းခံရမှု ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့တွင် ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကိုကျော်ငြိမ်း+မခင်မျိုးသင်း ရွှေဆိုင်”ကို အသက် ၃၀ ခန့် အမျိုးသားတစ်ဦးက ကလေးဆော့ကစားသည့် ကော်သေနတ်အတုဖြင့် ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားက ရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဆိုင်အတွင်းက ဝန်ထမ်းများအပါအဝင် ဧည့်သည်များအား ထိုင်ခိုင်းကာ ရွှေလက်စွပ်နှင့် ဆွဲကြိုးပြသရောင်းချနေသည့် ကောင်တာအတွင်းက ရွှေထည်ပစ္စည်းများကို ပါလာသည့်အိတ်အတွင်း ထည့်ကာ ပြန်အထွက်တွင် ချော်လဲသွားသောကြောင့် အားလုံးက ဝိုင်းဖမ်းခဲ့သည့်အတွက် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းရွှေဆိုင်မှာ ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်၊ ကမ္ဘာ့ရတနာဘဏ်အနီးတွင် တည်ရှိပြီး ဓားပြတိုက် လုယက်သူမှာ ကလောမြို့၊ ရပ်ကွက် ၆ တွင် နေထိုင်သူ ဖြစ်ကြောင်း၊ လက်ရှိတွင် ပင်းတယ ရဲစခန်းက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အဲဒီကောင်လေးက PDF နဲ့ နီးစပ်သူ ဟုတ်မဟုတ်ကို စစ်နေကြတာ။ သေနတ်က ကော်သေနတ်။ ဒါပေမဲ့ သူဘာကြောင့် ဓားပြတိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို စစ်နေတာ လို့ သိရတယ်။ တချို့တွေက ဒီလိုလုပ်တဲ့အပေါ် ဆေးသမားလား၊ ဂိမ်းသမားလား မသိဘူးလို့လည်း ပြောနေကြတယ်” ဟု ပင်းတယ ဒေသခံတစ်ဦးက MT News ကို ပြောသည်။

မူရင်းသတင်း — Myanmar Transparency News