Myanmar Transparency News

ရေးမြို့နယ်၊ နှီးနူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဓမင်းဆိပ်ကျေးရွာမှ အမျိုးကြီးတစ်ဦးကို KNU နှင့် PDF ဒလန်စွပ်စွဲ သတ်ဖြတ်

နေမိုး
၁၆.၉. ၂၀၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ နှီးနူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဓမင်းဆိပ်ကျေးရွာမှ အမျိုးကြီးတစ်ဦးကို KNU နှင့် PDF တို့က ဒလန်စွပ်စွဲကာ သတ်ဖြတ်လိုက်ကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှီးနှူးကျေးရွာနေ အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရှိန် (၆၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့မှ အကြမ်းဖက်သမား နှစ်ဦးက မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်ရှိန်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
     
အလားတူ ည ၇ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာနေ ဦးသောင်းစိန် (၆၀)နှစ်သည် ၎င်းနေအိမ်အနောက်ဘက်၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့မှ အကြမ်းဖက်သမား တစ်ဦး ရောက်ရှိလာပြီး “ဒလန်” ဟု ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသောင်းစိန်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News