Myanmar Transparency News

ထမင်းပေါင်းအိုး ဝါယာကြိုးအပူလွန်ကဲရာမှ နေအိမ်မီးလောင်မှု ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ဖြစ်ပွား

၁၇.၉.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း၊ အေးရွာ၊ ဘလုတ်ညွန့်၊ စက်ကလေးရပ်ကွက်၊ သိင်္ဂီလမ်းရှိ နေအိမ်တစ်လုံးတွင် ထမင်းပေါင်းအိုး ဝါယာကြိုးအပူလွန်ကဲရာမှ နေအိမ်မီးလောင်မှု ယနေ့ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

ဖြစ်စဥ်အတွင်း အလျား ၁၂ ပေ၊ အနံ ပေ ၃၀ ခန့်ရှိ သွပ်မိုး၊ထရံကာနေအိမ်တွင် ဖြစ်ပွားသော မီးလောင်မှုကြောင့် မီးဖိုခန်းနှင့် ထမင်းစားခန်းမီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး မီးသတ်ယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၃၉ နှစ်အရွယ် အိမ်ရှင်အမျိုးသားကို စက်ဆန်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်းမြောက်အရှေ့ရပ်ကွက်၊ ကမ်းနားလမ်းပေါ်တွင် MAZDA BONGO အမျိုးအစား အဖြူရောင်မော်တော်ယာဥ်တစ်စီး ကားကြမ်းခင်းကို ဝရိန်ဆော်ရာမှ ဆီတိုင်ကီပေါ်မီးပွားကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News