Myanmar Transparency News

ရန်ကုန်မြို့လယ်တွင် ယနေ့ နေ့ခင်းကြောင်တောင်အချိန်က သက်ငယ်မုဒိမ်းပြုကျင့်ကာ စွန့်ပစ်ထားသည့် အသက် ၄ နှစ်ခန့်အရွယ် သမီးငယ်တစ်ဦးကို တွေ့ရှိ

သက်တန့်
၁၈. ၉. ၂၀၂၅

ရန်ကုန်မြို့လယ်တွင် ယနေ့ နေ့ခင်းကြောင်တောင်အချိန်က သက်ငယ်မုဒိမ်းပြုကျင့်ကာ စွန့်ပစ်ခံထားရသည့် အသက် ၄ နှစ်ခန့်အရွယ် သမီးငယ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။

ဖြစ်စဥ်တွင် ယနေ့ နေ့လယ် ၂ နာရီခန့်က ဗိုလ်တထောင်မြို့နယ်၊ (၉) ရပ်ကွက် (၄၈) လမ်းတွင် အသက် ၄ နှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက်ရှင်လျက် စွန့်ပစ်ထားသည်ဟု အကူအညီတောင်းလာသဖြင့် သွားရောက်ကြည့်ရှိခဲ့ရာ ကလေးငယ်သည် သက်ငယ်မုဒိမ်းပြုကျင့်ခံထားရသည်ဟု ယူဆ၍ ဗိုလ်တထောင်မြို့နယ် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ရှင်သန်ရေးကူညီမှုအသင်း၊ မင်းခင်ဇော်(ခ)MZK လူမှုကယ်ဆယ်ရေးအသင်းတို့ ‌ပူးပေါင်းကူညီဆောင်ရွက်ခဲ့ရာ ကလေးငယ်အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ပြန်လည်လွှဲပြောင်းသောကြောင့် ရန်ကင်းကလေးဆေးရုံသို့ ရှင်သန်ရေးကူညီမှုအသင်း လူနာတင်ယာဉ်ဖြင့် ပူးပေါင်းပို့ဆောင်ပေးခဲ့သည်ဟု MZK လူမှုကယ်ဆယ်ရေးအသင်း၏ ကူညီဆောင်ရွက်ပေးမှုအရ သိရသည်။

ဆေးရုံတွင်လည်း လိုအပ်သည်များကို ဆောင် ရွက်ပေးကာ ဆေးရုံမှလည်း ကလေးငယ်မှာ သက်ငယ်မုဒိမ်းပြုကျင့်ခံရသည်ဟု အတည်ပြုခဲ့ကြောင်းနှင့် ကလေးမိဘများကိုလည်း ဆက်သွယ်ပေးပြီး ကလေးမိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း MZK လူမှုကယ်ဆယ်ရေးအသင်း၏ ကူညီဆောင်ရွက်ပေးမှုအရ သိရသည်။

လက်ရှိအချိန်တွင် သက်ငယ်မုဒိမ်းပြုကျင့်ကာ စွန့်ပစ်ခံထားရသော ကလေးငယ်နှင့် ပတ်သက်၍ တာ၀န်ရှိသူက ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သ်ရသလို ထပ်မံသိရှိရသည်များကို ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။

ဓာတ်ပုံ – ရှင်သန်ရေး ၊ MZK ပရဟိတအသင်း

မူရင်းသတင်း — Myanmar Transparency News