Myanmar Transparency News

TNLA ထိန်းချုပ်ရာ ကွတ်ခိုင်တွင် ဆရာဝန်တစ်ဦးက အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အကြိမ်ကြိမ် သက်ငယ်မုဒိမ်းပြုကျင့်မှု ဖြစ်ပွား

၂၁.၉.၂၀၂၅
Written By Min Thet

အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့် TNLA နယ်မြေလုယက် ထိန်းချုပ်ရာ ကွတ်ခိုင်တွင် ဆရာဝန်တစ်ဦးက အသက် ၁၄ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းတွင် အဆိုပါ အမျိုးသမီးငယ်အား ဆေးခန်းဖွင့်ထားသည့် အသက် ၃၇ နှစ်အရွယ် ဒေါက်တာအောင်ဖြိုးနိုင်ဆိုသည့် ဆရာဝန်က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်ဖွင့်ထားသည့် ဆေးခန်းမှာ ရွှေကွတ်ခိုင် အထူးကုဆေးခန်း ဖြစ်ပြီး ကွတ်ခိုင်မြို့ အမှတ် (၈) ရပ်ကွက် အတွင်းရှိကြောင်း၊ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ အင်မိန်းဟိုကျန့်ကျေးရွာ အုပ်စုကဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာလ ၁၆ ရက်ကပင် ဆေးခန်းရှင်းရေးအကူ အလုပ်ကို တစ်လလျှင် ၂ သိန်းခွဲခန့်ဖြင့် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

“ဆေးခန်းအလုပ်သမားကလေးမလေးကို အကြိမ်ကြိမ် ပြုကျင့်တာ။ ပြီးခဲ့တဲ့ မတ်လ ကတည်းက။ လတိုင်း လတိုင်း ပြုကျင့်နေတာ။ ဘယ်သူ့ကိုမှ မပြောဖို့လည်း ခြိမ်းခြောက်တယ်လို့ သိရတယ်။အခု ကိစ္စ ပေါ်ပေါက် သွားတာက လက်ရှိ စက်တင်ဘာလမှာမှ ပေါ်ပေါက်တာ။ ကလေးမလေးက အတင်း တွန်းထွက်လာနိုင်ခဲ့ တယ်လို့ သိရတယ်။ အဲဒီဆရာဝန်ကို ဖမ်းထားပြီလေ၊ဆေးခန်းကတော့ မပိတ်သေးဘူးတဲ့”ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောပြသည်။

သက်ငယ်မုဒိမ်းပြုကျင့်သူ ဒေါက်တာအောင်ဖြိုးနိုင်သည် CDM ဆရာဝန်တစ်ဦးဖြစ်ကာ၊ ဇနီးနှင့် ရင်သွေးရှိကြောင်း၊ ဇနီးမှာ ရန်ကုန်-မန္တလေး-မြစ်ကြီးနား ကာဂိုလုပ်ငန်းလုပ်ကိုင်ကြောင်း သိရသလို လက်ရှိအချိန် TNLA က ဖမ်းဆီးထားသော်လည်း ဆေးခန်းမပိတ်ခြင်းနှင့် ထိရောက်သော အရေးယူမှုမရှိခြင်းကြောင့် ပြင်းထန်စွာအရေးယူပေးရန် တောင်းဆိုမှုများရှိနေကြောင်းလည်း TNLA ၏ ရွှေဖီမြေသတင်းမီဒီယာပို့စ်အောက် မှတ်ချက်ပြုနေကြကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News