Myanmar Transparency News

ဆိုင်ကယ်ဖြင့် အခြားရွာသွားသည့်အမျိုးသားကို အသင့်စောင့်နေသည့် PDF များက ဒလန်ဟု သမုတ်ကာ သတ်ဖြတ်

နေမိုး
၁၉. ၉. ၂၀၂၅

ဆိုင်ကယ်ဖြင့် အခြားရွာသို့သွားသည့်အမျိုးသားကို အသင့်စောင့်နေသည့် PDF များက ဒလန်ဟု သမုတ်ကာ သတ်ဖြတ်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် ည ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ တောင်ဘက်ကျေးရွာနေ ဦးမျိုးဇော်မင်း(ခ)အာကြီး(၄၉)နှစ်သည် ၎င်း၏နေအိမ်မှ ညောင်လေးပင်မြို့နယ်၊ အလုပ်စုကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အလုပ်စုကျေးရွာ၏ ရွာလယ်လမ်းမပေါ်အရောက် အသင့်စောင့်နေသည့် PDF နှစ်ဦးက “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမျိုးဇော်မင်း(ခ)အာကြီးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News