Myanmar Transparency News

ဖားကန့်တွင် လူငယ်အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

၂၁.၉.၂၀၂၅
Written By Min Thet

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း လူငယ်အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဖားကန့်ဒေသခံများက MT News ကို အတည်ပြု ပြောပြသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်က လုံးခင်းကျေးရွာအစပ်နှင့် မှော်စီစာကျေးရွာအစပ် ပေါ်ဦးလက်ဖက်ရည်ဆိုင်အနီးတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး အခြားတစ်ဦးမှာ မှော်စီစာကျေးရွာရှိဆောက်လုပ်ဆဲ ရခိုင်ရိုးရာရုံးအနီးပစ်သတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က ညနေပိုင်း ဖြစ်တာ။ တစ်ယောက်က လုံးခင်းကျေးရွာအစပ်နဲ့ မှော်စီစာကျေးရွာအစပ် ပေါ်ဦး လက်ဖက်ရည်ဆိုင် မျက်စောင်းထိုးမှာ။ နောက်တစ်ယောက်က မှော်စီစာကျေးရွာမှာ ဆောက်လုပ်ဆဲဖြစ်တဲ့ ရခိုင်ရိုးရာရုံးနဲ့ မျက်စောင်းထိုးမှာ ပစ်ခံရတာ။ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ပစ်လို့ ပစ်မှန်းမသိပါဘူး။ အပစ်ခံရသူတွေ ဘယ်သူ ဆိုတာတော့ စုံစမ်းဆဲ ဖြစ်ပါတယ်”ဟု ဖားကန့်ဒေသခံက ပြောသည်။

သေဆုံးသူများမှာ အသက် ၃၀ ခန့်အရွယ်မျာ ဖြစ်ကြပြီး လက်ရှိတွင် သေဆုံးသူ၏ မိသားစုများကို လိုက်လံ စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းကို ဒေသတွင်းလူမှုကူညီရေး အသင်းများက လုံးခင်းသုသာန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News