Myanmar Transparency News

မြန်မာနိုင်ငံမှ ကျားဖြန့်လိမ်လည်မှုဂိုဏ်းများက နေ့စဉ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပစ်မှတ်ထားရှာဖွေနေဟု မလေးရှား အခြေစိုက် MHO ဖွင့်ဟ

၂၂. ၉. ၂၀၂၅

Translated by Thettant

မလေးရှားနိုင်ငံ အခြေစိုက် လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Malaysia International Humanitarian Organisation (MHO) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက တရုတ်ကျားဖြန့် လိမ်လည်မှုဂိုဏ်းတွေဟာ သူတို့ရဲ့ “ဝန်ထမ်း” တွေကို နေ့စဉ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ (စင်ကာပူဒေါ်လာ ၆၄,၀၀၀) အထိ ဝင်ငွေရအောင် ဖိအားပေးနေပြီး အဲဒီပမာဏ မပြည့်ပါက ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ပေးနေတယ်လို့ ဆိုပါတယ်။

MHO ရဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ Daniel Khoo က မြန်မာကျားဖြန့်ဂိုဏ်းတွေတစ်ခုချင်းရဲ့ ပစ်မှတ်ဟာ အရင်က အမေရိကန်ဒေါ်လာ ၅,၀၀၀ သာ ရှိခဲ့ပြီး အခုအချိန်မှာတော့ တစ်ဂိုဏ်းချင်းဟာ နေ့စဉ်ဒေါ်လာ ၅၀၀၀၀ ရှာဖွေဖို့ကြိုးပမ်းနေပြီး Target (ပစ်မှတ်) က ဆယ်ဆတက်လာတယ်လို့ ပြောပါတယ်။

“ဒီလိုပမာဏမျိုး ရဖို့အတွက်ဆိုရင် နေ့စဉ် လူ ဒါဇင်နဲ့ချီပြီး လိမ်လည်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ကို မလေးရှားလူမျိုးတွေက ပစ်မှတ်မပြည့်လို့ အပြစ်ပေးခံရကြောင်း၊ လျှပ်စစ်ရှော့ခ်တိုက်ခံရကြောင်း ဒါမှမဟုတ် ရိုက်နှက်ခံရကြောင်း ပုံမှန် ဖုန်းဆက်ပြီး ပြောပြကြပါတယ်။”လို့ Khoo က ပြောပါတယ်။

ဒါ့အပြင် “ဒီလို နှိပ်စက်မှုတွေက သားကောင်တွေကို ထွက်ပြေးဖို့ ဒါမှမဟုတ် သူတို့မိသားစုတွေနဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းဖို့ မကြိုးစားရဲအောင် ကြောက်စိတ်သွင်းဖို့ လုပ်ဆောင်ပုံရပါတယ်” လို့ Daniel Khoo က ပြောကြားပြီး လက်ရှိမှာ မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာတွေမှာ ရောက်ရှိနေတဲ့ မလေးရှားလူမျိုးပေါင်း ၃၀ လောက် ရှိနေပြီဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောပါတယ်။

အဲဒီသားကောင်တွေထဲက အနည်းဆုံး အမျိုးသမီး ၃ ဦးပါဝင်ပြီး သူတို့အားလုံးဟာ အသက် ၂၀ ကနေ ၄၀ အတွင်းဖြစ်ကြပါတယ်။ တစ်ဦးကတော့ မြန်မာနိုင်ငံမှာ ၂ နှစ်လောက်ကြာအောင် ရောက်ရှိနေတာဖြစ်ပြီးအဲဒီ မလေးရှားနိုင်ငံသားတွေဟာ ၎င်းတို့နိုင်ငံကို ပြန်ပို့ပေးဖို့ စောင့်ဆိုင်းနေကြတယ်လို့ သူက ဆိုပါတယ်။

Ref, The Strait Times

မူရင်းသတင်း — Myanmar Transparency News