Myanmar Transparency News

Light Truck ယာဉ်က YBS ခရီးသည်တင်ယာဉ်ကို နောက်ကနေ ဝင်တိုက်လို့ Light truck ယာဉ်ပေါ်ပါ ယာဉ်မောင်းအမျိုးသားအပါအဝင် လူသုံးဦး ထိခိုက်ဒဏ်ရာရရှိ

၂၂.၉.၂၀၂၅
Written by Hey Mar

Light Truck ယာဉ်က YBS ခရီးသည်တင်ယာဉ်ကို နောက်ကနေ ဝင်တိုက်လို့ Light Truck ယာဉ်ပေါ်က ယာဉ်မောင်းအမျိုးသားအပါအဝင် လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ ဒီနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကယ်ဆယ်ရေး အသင်းအဖွဲ့တချို့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချောက်မှာ ဖြစ်ပွားခဲ့ပြီး YBS ခရီးသည်တင်ယာဉ်ကို Light Truck ကားက နောက်မှဝင်တိုက်မိရာ Light Truck ကားယာဉ်မောင်း ကားခေါင်းအတွင်းညပ်နေတာ‌ကြောင့် လူနာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ နယ်မြေခံလူမှုကူညီရေးပရဟိတအသင်းအဖွဲ့တို့က အတူပူးပေါင်း ကူညီကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မိတဲ့ ဖြစ်ရပ်ကြောင့် Light Truck ယာဉ်မောင်းအမျိုးသားမှာ ဘယ်ဘက်ခြေထောက် ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့မှ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ယနေ့ ဗားကရာချောက်မှာ ယာဉ်တိုက်မှု ဆိုးဆိုးရွားရွား ဖြစ်သွားပါတယ်။ Light Truck ယာဉ်က လူနာ ၃ ယောက်ထွက်ပါတယ်။ တစ်ယောက်ကတော့ ဘယ်ဖက်ခြေထောက် ဒူးလောက်ကနေ ဖြတ်ရမယ်ထင်ပါတယ်။ နောက်တစ်ယောက်က ဒူးရိုးထိသွားတယ်။ တစ်ယောက်က ပွန်းပဲ့။ ယာဉ်စည်းကမ်းအရ ဘယ်သူမှားတယ် မှန်တယ် မပြောချင်ပါဘူး။ ကားကို ဂရုစိုက်မောင်းကြပါ။ ဖြစ်သွားရင် ဆုံးရှုံးမှုကြီးပါတယ်။ စိတ်မကောင်းပါဘူး။ အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ပါစေ” လို့ ဖြစ်စဉ်ကို မှတ်တမ်းတင် မှတ်ချက်ပြုထားပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုမှ ဒဏ်ရာရ လူနာ သုံးဦးကို စမ်းချောင်းမြို့နယ်အခြေပြု အနာဂတ်အလင်းတန်း လူမှုကူညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News