Myanmar Transparency News

လက်နက်မဲ့ ရော်ဘာခြံလုပ်သားဇနီးမောင်နှံကို KNU နှင့် PDF က ဒလန်အမည်တပ် သတ်ဖြတ်၍ နှစ်လောင်းပြိုင်သေဆုံး

၂၀. ၉. ၂၀၂၅
Written by Nay Moe

လက်နက်မဲ့ပြည်သူနှစ်ဦးဖြစ်သည့် ရော်ဘာခြံလုပ်သားဇနီးမောင်နှံကို KNU နှင့် PDF တို့က ဒလန်အမည်တပ် သတ်ဖြတ်လိုက်ကြသဖြင့် နှစ်လောင်းပြိုင်သေဆုံးမှု သံဖြူဇရပ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ ကော့လေးကျေးရွာနေ ဦးအောင်မွန်သစ် (၃၅) နှစ်သည် ဇနီးဖြစ်သူ ဒေါ်ဆိုင်းနွန် (၃၅) နှစ်နှင့်အတူ ၎င်းတို့အလုပ်လုပ်ကိုင်သည့် သံဖြူဇရပ်မြို့နယ်၊ ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာကြားရှိ ရော်ဘာခြံ၌ ရှိနေစဉ် KNU အကြမ်းဖက် အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး ဒလန် ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News