Myanmar Transparency News

ဆီဘောက်ဆာမှ ဒီဇယ်ချနေစဥ် ဆီငွေ့နှင့် မီးအားမြှင့်စက်က ထွက်သည့်မီးပွား ထိတွေ့ရာမှ မီးလောင်မှုဖြစ်ပွားကာ သုံးဦးဒဏ်ရာရ

၂၄.၉.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗိုလ်ချုပ်နေဝင်းလမ်းထောင့်ရှိ လမ်းဘေးဆီဆိုင်နှင့် ဆီဘောက်ဆာကားတွင် စက်တင်ဘာလ ၂၃ ရက် ညနေ ၅ နာရီ ၁၃ မိနစ်တွင် လောင်ကျွမ်းခဲ့သောမီးလောင်မှုမှာ မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးပွားထွက်ရာမှ ဆီဘောက်ဆာမှ ဒီဇယ်ချနေစဥ် ဆီငွေ့နှင့်ထိတွေ့သောကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုံးဦးမီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆီဆိုင်နှင့် ဆီဘောက်ဆာမီးလောင်မှုကြောင့် ဆီဆိုင်ပိုင်ရှင် ယာဥ်မောင်း အသက် ၃၈ နှစ်အရွယ် အမျိုးသား၏ ခန္ဓာကိုယ် ညာဘက်အခြမ်း မီးဟပ်ခံရပြီး အသက် ၂၃ နှစ်အရွယ် ဆီဆိုင်လုပ်သားတွင် ဘယ်ဘက်နှင့်ညာဘက်ရှိ လက်၊ ခြေသလုံး၊ လက်ဖျံတို့တွင် မီးဟပ်ခံရကာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရသည်။

သို့သော် အသက် ၁၅ နှစ်အရွယ် ဆီဆိုင်လုပ်သားတွင် ဘယ်နှင့်ညာ ခြေသလုံး၊ ဝမ်းဗိုက်၊ ဦးခေါင်းတို့မီးလောင်ခံရပြီး ဒဏ်ရာများမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

မိနစ် ၄၀ ကြာ မီးလောင်မှုကြောင့် အလျားပေ ၂၀၊ အနံပေ ၃၀ Steel Structure သွပ်မိုး၊ သံဇကာကာ ကွန်ကရစ်ခင်းအဆောက်အအုံနှင့် မီးအားမြှင့်စက်၊စက်သုံးဆီနှင့် ဆီဘောက်ဆာယာဥ်တစ်စီးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆီဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် ဦးရဲထက်ဆိုသူကို သန်လျင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၂၈၅၊ ၃၃၈၊ ၃၃၇တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News