Myanmar Transparency News

ချင်းလက်နက်ကိုင် CNDF ၏ ဒုတိယခေါင်းဆောင်ကို လက်နက်ခဲယမ်းများနှင့်အတူ အိန္ဒိယအာဏာပိုင်များ ဖမ်းဆီးရမိ

၂၄. ၉. ၂၀၂၅
Translated by Thettant
​
​တရားမဝင်လက်နက်များ လက်ဝယ်ထားရှိမှုနှင့် ပတ်သက်၍ တိကျသောသတင်းအချက်အလက်အရ အာသံရိုင်ဖယ်တပ်ဖွဲ့သည် မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်ခရိုင်၊ ဇိုခေါ့ထာရ်ရွာအနီးတွင် တနင်္ဂနွေနေ့ နံနက်စောစောပိုင်း၌ ဒေသခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အောင်မြင်သော စစ်ဆင်ရေးတစ်ခုကို ပြုလုပ်ခဲ့သည်။

​အဆိုပါစစ်ဆင်ရေးတွင် သံသယရှိသည့် နေအိမ်အား ဝိုင်းရံထားပြီးနောက် ပူးပေါင်းအဖွဲ့မှ စေ့စေ့စပ်စပ် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ရှာဖွေမှုအတွင်း အဆိုပါအဖွဲ့သည် လက်နက်များနှင့် ခဲယမ်းများအပြင် Red Dot Sight မှန်ဘီလူးတပ်ဆင်ထားသော M4A1 သေနတ်၊ 5.56 mm NATO ကျည်ဆန် ၁၉ တောင့်နှင့် 7.62 mm ကျည်ဆန် ၁၀၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

​အဆိုပါစစ်ဆင်ရေးအတွင်း ရောဘတ် ဗန်လယ်လီယာနားအဖြစ် ဖော်ထုတ်သိရှိရသူ ၁ ဦး ဖမ်းဆီးခံခဲ့ရသည်။

အသက် ၄၀ အရွယ် ရောဘတ် ဗန်လယ်လီယာနားသည် ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် Chin National Defence Force ၏ ဒုတိယဥက္ကဋ္ဌတာ၀န်ယူခဲ့သူလည်း ဖြစ်သည်။

သိမ်းဆည်းရမိသည့် လက်နက်များ၊ ခဲယမ်းများနှင့် စစ်လက်နက်ပစ္စည်းများကို တရားခံနှင့်အတူ နောက်ထပ်စုံစမ်းစစ်ဆေးမှုများနှင့် ဥပဒေအရ ဆောင်ရွက်နိုင်ရန် ဇိုခေါ့ထာရ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

​ဤဖမ်းဆီးမှုသည် မဏိပူရပြည်နယ်၊ ဘစ်ရှနုပါးရ်ခရိုင်တွင် အမည်မသိသေနတ်သမားများက လုံခြုံရေးယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခဲ့ပြီးနောက် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုသည် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင် ၃၃ ဦးကို တင်ဆောင်လာသော ယာဉ်က အင်ဖာလ်မြို့မှ ဘစ်ရှနုပါးရ်မြို့သို့ သွားလာနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

​အဆိုပါ ချုံခိုတိုက်ခိုက်မှုကို အရှေ့ပိုင်းဒေသတွင် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားသည့် ပိုမိုကြီးမားသော ထိုးစစ်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်လျက်ရှိသည်။

Ref, indiatoday & The Times of India

မူရင်းသတင်း — Myanmar Transparency News