Myanmar Transparency News

တောင်ဥက္ကလာမှာ ဘေးတွဲဆိုင်ကယ်ပေါ်လိုက်ပါလာသူက လိပ်စာမေးဟန်ပြုကာ အမျိုးသမီးတစ်ဦးကို လည်ပင်း ဓားနဲ့ထိုး လုယက်ဖို့ကြံစည်ရာမှာ ဘေးပတ်ဝန်းကျင်က ဝန်းရံကူညီကြလို့ မသမာသူတွေ ‌ထွက်ပြေးသွား

၂၄.၉.၂၀၂၅
Written by Hey Mar

လမ်းလိပ်စာမေးဟန်ပြုကာ ဓားနဲ့ လည်ပင်းကိုထိုးပြီး ရန်ပြုထွက်ပြေးသွားလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့  မေတ္တာ သီတာ‌ရေစင် လူမှုကူညီ‌ရေးအသင်းထံက‌နေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် (၄ )ရပ်ကွက်၊ ပါရမီလမ်းမပေါ်ရှိ နေအိမ်အရှေ့မှာရပ်ကာ အိမ်ကကားပြန်အလာကို စောင့်ဆိုင်းနေတဲ့ အမျိုးသမီးတစ်ဦးကို ဘေးတွဲဆိုင်ကယ်နဲ့ ဆိုင်ကယ်ပေါ်ပါ ခရီးသည်က လမ်းမေးဟန်ပြုကာ ချဉ်းကပ်လာပြီး လုယက်ဖို့ ကြိုးစားစဉ် အမျိုးသမီးက အော်ဟစ်တဲ့အတွက် လည်ပင်းကို ဓားဦးချွန်ထိုးသွားကြောင်း၊  ဘေးချင်းကပ် ပါဝါမိုဘိုင်းဖုန်းဆိုင်မှ လုံခြုံရေးနဲ့ ဝန်ထမ်းတွေ ထွက်လာတာကြောင့် ဘေးတွဲဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးသွားကြောင်း စသဖြင့် ဖြစ်စဉ် အခြေအနေတချို့ကို မျက်မြင် ဘေးပတ်ဝန်းကျင်က ပြောပြချက်တချို့အရ သိရပါတယ်။

မေတ္တာ သီတာရေစင် ပရဟိတအသင်း တာဝန်ရှိသူက “လူနာက ဒဏ်ရာက သွေးထွက်များနေတယ်။ ကျွန်တော်တို့ ရောက်ရောက်ချင်း သွေးထိန်းနိုင်အောင် ‌‌ မြေပြင်ပြုစုပေး‌ပြီး မြောက်ဥက္ကလာဆေးရုံဆီ အမြန်ပို့ပေးခဲ့ပါတယ်။ ဆေးရုံအချိန်မီရောက်လို့ စိုးရိမ်စရာ အခြေအနေတော့ မရှိတော့ပါဘူး ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ဓားနဲ့ ထိုးခံရလို့ ထွက်ပြေးလာတဲ့လူငယ်တစ်ဦး သွေးထွက်လွန်ကာ လမ်းမှာလဲကျနေ‌ကြောင်း တာဝန်သိပြည်သူတချို့က သက်ဆိုင်ရာကိုဆက်သွယ်အ‌ကြောင်းကြားခဲ့တဲ့ဖြစ်စဉ် တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်၊ သစ္စာလမ်းမပေါ်၊ ပုဏ္ဏီမီ ကားမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့ပါသေးတယ်။

မူရင်းသတင်း — Myanmar Transparency News