Myanmar Transparency News

ပြင်ဦးလွင်၊ ရှစ်ထပ်ရေတံခွန်တောင်တွင် လူငါးဦး ရေနစ်၊ ရုရှားနိုင်ငံသား အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားပြီး နှစ်ဦးကို ရုပ်အလောင်းအဖြစ် တွေ့ရှိ

၂၉.၉.၂၀၂၅
Written By Min Thet

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေ အရှေ့ကျေးရွာရှိ ရှစ်ထပ်ရေ တံခွန်တောင်တွင် လူငါးဦးရေနစ်ရာ ရုရှားနိုင်ငံသား အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားပြီး နှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိထားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ရေကစားသွားကြသူများထဲမှ လူငါးဦး ရေနစ်ခဲ့ရာအမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

အဆိုပါ ရှစ်ထပ်ရေတံခွန်‌တောင်သို့ လူ(၁၄)ဦး သွားရောက်ရေကစားရာ ငါးဦးမှာ သုံးထပ်ရေတံခွန်သို့ ပြုတ်ကျသွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညနေ ၅ နာရီအချိန်တွင် ရေနစ်သွားသည့် ရုရှားနိုင်ငံသား အမျိုးသားတစ်ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သော်လည်း ည ၆ နာရီ ၅ မိနစ်အချိန်တွင် အမျိုးသမီးနှစ်ဦး၏ ရုပ်အ‌လောင်းကို ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရှိသည့် နှစ်ဦးကိုလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News